Africa & Middle East
အနောက်ဘက်ကမ်းဒေသ တွင်အစ္စရေး စစ်သားများက ဓါးဖြင့် ခြိမ်းခြောက်လာသည့် ပါလက်စတိုင်း တစ်ဦးအား ပစ်သတ်
ဂျေရုဆလင်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
အစ္စရေးလုံခြုံရေးတပ်ဖွဲ့က အနောက်ဘက်ကမ်းဒေသ ဒေသ လုံခြုံရေးဂိတ်တစ်ခု တွင် ဇူလိုင် ၃၁ ရက်က အစ္စရေးစစ်သားများ အား ဓါးဖြင့် ထိုးရန် ကြိုးစားခဲ့သည့် ပါလက်စတိုင်း တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဓါးကိုင်ဆောင်ထားသော ပါလက်စတိုင်း တစ်ဦးသည် ၎င်း၏ မော်တော်ယာဉ်ပေါ်မှ ဆင်းလာပြီး Nablus မြို့အဝင် လုံခြုံရေးဂိတ် ရှိ အစ္စရေးစစ်သားများ အား ဓါးဖြင့် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
၎င်း၏ပြောကြားချက်အရ လုံခြုံရေးတပ်သားများသည် ဓါးကိုင်ထားသော ပါလက်စတိုင်း အမျိုးသားအား သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့၍ ၎င်းသေဆုံးခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်သည် ၂၀၁၅ခုနှစ် စက်တင်ဘာလလယ် မှစ၍ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအနက် နောက်ဆုံး တစ်ခု ဖြစ်ပြီး အကြမ်းဖက်မှုများကြောင့် အနည်းဆုံး ပါလက်စတိုင်း ၂၁၉ဦး နှင့် အစ္စရေး ၃၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အစ္စရေးနိုင်ငံက ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့သည် အစ္စရေးတို့အပေါ် ဆန့်ကျင်တိုက်ခိုက်မှုများ နှင့်ပတ်သက်၍ လှုံ့ဆော်ပေးမှုများရှိနေကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး ပါလက်စတိုင်းတို့ကလည်း ယင်းအကြမ်းဖက်မှု သည် အစ္စရေးတို့က ၄၉နှစ်ကျော်ကြာ ၎င်းတို့၏ နယ်မြေများကို သိမ်းပိုက်ထားခြင်း၏ ရလဒ်တစ်ခုပင်ဖြစ်ကြောင်း နှင့် အစ္စရေး လုံခြုံရေး တပ်ဖွဲ့များအား အန္တရာယ်ပေးလိုသည့် ဆန္ဒမရှိသော ပါလက်စတိုင်းနိုင်ငံသားများကို အစ္စရေးတို့သည် လက်နက်အင်အားအသုံးပြု၍ သတ်ဖြတ်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ (Xinhua)