Africa & Middle East
အာဖဂန် မြောက်ပိုင်းတွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုနှင့် အအေးလွန် ရာသီဥတုအခြေအနေကြောင့် သေဆုံးသူ ၁၄ ဦးရှိ
Shibeghan ၊ အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းဒေသတွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းခြင်းနှင့် အအေးလွန်သည့် ရာသီဥတု အခြေအနေများကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ကလေးငယ် ၂ ဦး အပါအဝင် လူပေါင်း ၁၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) တွင် ပြောကြားလိုက်သည်။
တာဝန်ရှိသူများ၏ အဆိုအရ ဖေဖော်ဝါရီ်လ ၁၈ ရက် အစောပိုင်းကတည်းက ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုနှင့် အအေးလွန် ရာသီဥတုကြောင့် Jawzjan နှင့် Saripul ပြည်နယ်များတွင် သေဆုံးသူ ၁၀ ဦးရှိခဲ့ကြောင်းနှင့် Badakhshan ပြည်နယ်တွင်မူ သေဆုံးသူ ၄ ဦးရှိခဲ့ကြောင်း သိရသည်။
“ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုနဲ့ အအေးလွန်ကဲမှုကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း Jawzjan ပြည်နယ်Darzab ခရိုင်မှာ သိုးထိန်း ၅ ဦး သေဆုံးခဲ့တယ်” ဟု ခရိုင် အုပ်ချုပ်ရေးမှူး ရာမတ်သူလာ ဟတ်ရှာက ဆင်ဟွာသို့ ပြောသည်။
ရာသီဥတု ဆိုးဝါးမှုကြောင့် Jawzjan ပြည်နယ် အနီးက Saripul ပြည်နယ်တွင် ကလေးငယ် ၂ ဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ကြောင်း ယင်းပြည်နယ်၏ သဘာဝဘေး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူး အာဇစ် ရာမန် အေမတ်က အတည်ပြု ပြောသည်။
အဆိုပါ အချိန်ကာလအတွင်း Badakhshan ပြည်နယ် မြောက်ပိုင်းတွင်လည်း လူ ၄ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၈ ဦး ရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများထံမှ သိရသည်။
ထို့ပြင် လွန်ခဲ့သော သီတင်းပတ် နှစ်ပတ်ကလည်း စစ်ဒဏ်ခံစားခဲ့သည့် အာဖဂန်နစ္စတန်တွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုနှင့် ရာသီဥတု ဆိုးဝါးခြင်းကြောင့် လူပေါင်း ၁၅၀ သေဆုံးခဲ့သည်ဟု ဆိုသည်။ (Xinhua)