Africa & Middle East
အာဖဂန်နစ္စတန်တွင် ယခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုများကြောင့် အရပ်သား သေဆုံးဒဏ်ရာရသူ ၈,၀၀၀ ကျော်ရှိ

ကဘူးလ်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လက်နက် ကိုင် ပဋိပက္ခများနှင့် အခြား အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အမျိုးသမီးနှင့်ကလေးငယ်များ အပါအဝင် အရပ်သား ပြည်သူ ၈,၀၅၀ ဦး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း ၊ ၎င်းတို့အနက် သေဆုံးသူ ၂,၇၉၈ ဦး ရှိပြီး ဒဏ်ရာရသူ ၅,၂၅၂ ဦး ရှိကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ကူညီ ထောက်ပံ့ပေးရေးအဖွဲ့(UNAMA)၏ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာ အရ သိရသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားပြည်သူများ၏သေဆုံးဒဏ်ရာရမှုအခြေအနေမှာ ဆိုးဝါး လျက်ရှိကြောင်း ၊ ယခုနှစ် ပထမ ၉ လ အတွင်း သေဆုံးသူ ဦးရေသည် ၂၀၁၇ ခုနှစ် ယင်းကာလနှင့် နှိုင်းယှဉ်ပါက တိုးလာကြောင်း၊ ၎င်းမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးမှတ်တမ်းဖြစ်ကြောင်း သိရသည်။
Nangarhar ပြည်နယ်၊ Kabulပြည်နယ် ၊ Helmand ပြည်နယ်၊ Faryab ပြည်နယ်များက ပဋိပက္ခဒဏ် ကို အဆိုးဝါးဆုံး ခံရနေရကြောင်း၊ ၎င်းတို့အနက် Nangarhar ပြည်နယ်တွင် ယခုနှစ် ပထမ ၉လ အတွင်း သေဆုံးဒဏ်ရာရသောအရပ်သားပြည်သူ ၁,၄၉၄ ဦး ရှိပြီး မနှစ်က ကာလတူနှင့်နှိုင်းယှဉ်ပါက နှစ်ဆကျော် တိုးလာကြောင်း အစီရင်ခံစာအရ သိရသည်။
အာဖဂန်နစ္စတန်၌ အောက်တိုဘာလ ၂၀ ရက်တွင် လွှတ်တော်ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ရာ ယခု သေဆုံးဒဏ်ရာရသူများအနက် အရပ်သား ၃၆၆ ဦးမှာ ရွေးကောက်ပွဲလှုပ်ရှားမှုများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့်ဆက်စပ်နေကြောင်း၊ ၎င်းတို့အနက် အဆိုးဝါးတိုက်ခိုက်မှု ၂ ခုမှာ ဧပြီလ ၂၂ ရက်က မြို့တော် ကဘူးလ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုနှင့် မေလ ၆ ရက်က Khostပြည်နယ် မဲစာရင်းပေး သည့်စခန်းတွင် ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုများဖြစ်ကြောင်း သိရသည်။ (Xinhua)