Africa & Middle East
အီရတ်နိုင်ငံ မြောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အစ္စလာမ်မစ် အကြမ်းဖက် ၈ ဦး သေဆုံး
ဘဂ္ဂဒက်၊စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)
အီရတ်နိုင်ငံမြောက်ပိုင်း Nineveh ပြည်နယ်၌ စက်တင်ဘာ ၈ ရက်တွင် အမေရိကန်ဦးဆောင်သောတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း (IS) အိုင်အက်စ်အစွန်းရောက် အစ္စလာမ်မစ်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း အီရတ်စစ်တပ်၏ ထုတ်ပြန်ချက် အရသိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်ဗုံးကြဲခံရသော အစ္စလာမ်မစ်အကြမ်းဖက်သမားတို့၏ စခန်းသည် အီရတ်နိုင်ငံ Nineveh ပြည်နယ် မိုလ်ဆူးမြို့တောင်ဘက် ၂ဝ ကီလိုမီတာအကွာတွင် တည်ရှိကြောင်း ၊ တိုက်ခိုက်မှုအတွင်း အိုင်အက်စ်လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးသွားခဲ့ကြောင်း ပြည်နယ်စစ်ဖက်ဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းနေ့၌ ပင် အီရတ်နိုင်ငံ Saladin ပြည်နယ်တွင် အကြမ်းဖက်သမား ၉ ဦးကို အီရတ်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ၊ ၎င်းတို့သည် ပြည်နယ် လွှတ်တော်အဆောက်အအုံ နှင့် လုံခြုံရေးစခန်းများကို ပစ်မှတ်ထား ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်ထားကြောင်း ပူးတွဲစစ်ဆင်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အီရတ်နိုင်ငံက ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် အကြမ်းဖက် အစ္စလာမ်မစ် အစွန်းရောက်တပ်ဖွဲ့ဝင်များကို နှိမ်နှင်းအောင်မြင်ခဲ့ပြီးဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ယခုအချိန်အထိ နိုင်ငံအတွင်း၌ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။(Xinhua)