Asia
ဂျာကာတာ၌ အကြမ်းဖက် တိုက်ခိုက်သူများ နှင့် ဆက်နွယ်နေသူ ၁၂ ဦး အင်ဒိုနီးရှား ဖမ်းဆီးမိ
ဂျာကာတာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် အကြမ်းဖက် တိုက်ခိုက်မှု နှင့် ဆက်နွယ်နေသည့် ၁၂ ဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ က ဇန်နဝါရီလ ၁၆ ရက်တွင် ဖမ်းဆီးမိခဲ့ပြီး ဗုံးခွဲခဲ့သူ ငါးဦးအား ဖော်ထုတ်ခဲ့ကြောင်း အကြီးတန်းရဲအရာရှိများက ပြောကြားခဲ့သည်။
ဂျာကာတာမြို့လယ်ရှိ ရဲအဆောက်အအုံ တစ်ခုနှင့် Starbucks ကော်ဖီဆိုင် တစ်ခုအနီးတွင် ဇန်နဝါရီလ ၁၄ ရက်က ဗုံးဖောက်ခွဲမှုနှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာမှာပင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ကြီး Badrodin Haiti ကထုတ်ဖော်ပြောကြားလိုက်သည်။
“ဇန်နဝါရီလ ၁၄ ရက်ကနေ ဇန်နဝါရီ ၁၆ အထိ ဖမ်းဆီးမှုတွေ လုပ်ခဲ့တာ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်နေတဲ့ လူ ပေါင်း တစ်ဒါဇင်ကို ဖမ်းဆီးမိပြီ၊ အခု ဖမ်းမိတဲ့ လူ ၁၂ ဦးဟာ အနောက်ဂျာဗား၊ အလယ်ဂျာဗားနဲ့ အရှေ့ ခါလီ မန်တန်က လူတွေ ဖြစ်တယ်” ဗိုလ်ချုပ်ကြီး Badrodin က ရဲတပ်ဖွဲ့ ဋ္ဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
လက်ရှိ ဖမ်းဆီးမိထားသူများမှာ အရှေ့တောင်အာရှတွင် အိုင်အက်စ် ခေါင်းဆောင်ဟု ၎င်းကိုယ်တိုင် ထုတ်ဖော် ပြောထားသော Bahrun Naim ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့က ဖြစ်ကြောင်း Badrodin က ထုတ်ဖော် ပြောကြားလိုက် သည်။
ဖမ်းဆီးမိ ၁၂ ဦးနှင့်အတူ လက်နက် အစိတ်အပိုင်း ၉ ခု၊ မိုဘိုင်းဖုန်း ၅ လုံးနှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ အား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)