Asia
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် သေနတ်သမား ပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေး တစ်ဦး အပါအဝင် ရွာသား လေးဦး သေဆုံး

ဘန်ကောက်၊ မတ် ၂ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ တောင်ဘက်စွန်း ဒေသတွင် မတ်လ ၂ ရက်က အမည်မသိ သေနတ်သမားများ ချောင်းမြောင်း တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေး တစ်ဦး အပါအဝင် ရွာသား လေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ မြို့တော်မှ တောင်ပိုင်း ကီလိုမီတာ ၁၁၀၀ ခန့်အကွာရှိ နာရာသီဝပ်ပြည်နယ် Rue Soh ခရိုင်မှ လက်ထောက် ရွာသူကြီး အသက် ၄၇ နှစ်အရွယ် ဆွမ်ချိုင်း သုန်ချန်းနှင့် အသက် ၈ နှစ်အရွယ် ၎င်း၏ သားလေး တစ်ဦး အပါအဝင် မိသားစု လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေနတ် ပစ်ခတ်မှုတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေး တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သေဆုံးသူ ဆွမ်ချိုင်းက ၎င်း၏ မိသားစုဝင် ငါးဦးကို တင်ဆောင်လာသည့် ပစ်ကပ်ကားအား မောင်းနှင်လာစဉ် မူဆလင်များ နေထိုင်သည့် ခရိုင်ရှိ လမ်းမ တစ်နေရာအရောက် သေနတ်သမားများ၏ ပစ်ခတ်ခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ပရာဝတ် ဝမ်စူဝန်က ဘေးအန္တရာယ် ကင်းရှင်းရေး ဇုန်များ ပြန်လည် တည်ထောင်ခြင်း၊ ဆူပူမှု ဖြစ်ပွားနေသည့် နိုင်ငံ တောင်ပိုင်း ဒေသများတလျှောက် ငြိမ်းချမ်းရေး နှင့် ကြီးပွားချမ်းသာမှု ပြန်လည် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပြီး ရက် အနည်းငယ်အကြာ ယခုလို တိုက်ခိုက်ခြင်းခံခဲ့ရသည်။ (Xinhua)