Asia
ဒေလီမြို့ရှိ စာသင်ကျောင်းအနီးတွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ကျောင်းသား ၂၀၀ ဦး ဆေးရုံရောက်
နယူးဒေလီ၊ မေ ၆ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ အစိုးရ စာသင်ကျောင်းအနီး ဝန်းကျင်တွင် မေလ ၆ ရက်က ရပ်ထားသော ကွန်တိန်နာကား တစ်စီးမှ ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ကျောင်းသား ၂၀၀ ခန့် ဆေးရုံရောက်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယင်း မတော်တဆမှုမှာ Tughlakabad နယ်မြေ၊ ရထားဘူတာရုံအနီးရှိ Rani Jhansi Sarvodaya Kanya Vidyalaya စာသင်ကျောင်းတွင် ဖြစ်ပွားခဲ့ကြောင်း၊ ကျောင်း အနီးရှိ ကုန်လှောင်ရုံ တစ်ခုမှ ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိခဲ့သည်။
“အခင်း ဖြစ်ပွားရာနေရာမှာ ရှိနေတဲ့ စောင့်ကြည့်သူတွေ၊ တာဝန်ရှိသူတွေနဲ့ ကလေးတွေ တက်ရောက်နေတဲ့ ဆေးရုံ သုံးရုံက ဆရာဝန်တွေနဲ့ ကျွန်တော် စကားပြောပြီးပါပြီ၊ ကျောင်းသားတွေ အန္တရာယ် မရှိတော့သလို အခြေအနေတွေကိုလဲ ထိန်းချုပ်နိုင်ခဲ့ပါပြီ၊ အဲဒီ စာသင်ကျောင်းက ကုန်လှောင်ရုံနဲ့ နံရံ တစ်ချပ်ထဲ ဖြစ်ပြီး ဂိုဒေါင်ထဲက ဓာတ်ငွေ့ ယိုစိမ့်ပြီး ကျောင်းထဲကို ပျံ့သွားတာလို့ ပြောပါတယ်” ဟု ဒေသဆိုင်ရာ အစိုးရ ဝန်ကြီး မန်နစ်ရှ် စီဆိုဒီယာက မီဒီယာသို့ ပြောကြားခဲ့သည်။
ကျောင်း တာဝန်ရှိသူများ၏ အဆိုအရ ကျောင်းသားများက အသက်ရှူမရဖြစ်ခြင်းနှင့် မျက်စိကျိန်းစပ်ခြင်းများ ဖြစ်ခြင်းကြောင့် တိုင်ကြားလာပြီးနောက် ၎င်းတို့က ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးဋ္ဌာနသို့ ချက်ချင်း အကြောင်းကြားခဲ့ကြောင်း သိရသည်။
ဒေသစံတော်ချိန် နံနက် ရး၃၀ နာရီ ကျောင်းတက်စုံညီ အစည်းအဝေး ပြုလုပ်နေချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ကျောင်းသား အားလုံးကို ကျောင်းကနေ ကျွန်တော်တို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်၊ တချို့ကိုတော့ ကျန်းမာရေး စစ်ဆေးဖို့ ဆေးရုံ ပို့ပေးခဲ့တယ်” ဟု အခင်း ဖြစ်ပွားမှုအား စောင့်ကြည့်ရေး ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောသည်။
ကျောင်းသားအချို့မှာ ကုသမှုခံယူပြီးသဖြင့် ဆေးရုံမှ ဆင်းပြီး မိဘများထံ လွှဲပေးခဲ့ကြောင်း ဆေးရုံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယိုစိမ့်မှု ဖြစ်ပွားခဲ့သည့် ဓာတ်ငွေ့မှာ ပိုသတ်ဆေးများ ထုတ်လုပ်ရာတွင် သုံးစွဲလေ့ရှိသည့် Chloromethyl Pyridine ဓာတုပစ္စည်း တစ်မျိုးဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။
ဒေသခံ သတင်းတစ်ပုဒ် အဆိုအရ ယင်း နယ်မြေ တစ်ဝိုက်တွင် ထရပ်ကား တစ်စီး ရပ်ကာ ဓာတ်ငွေ့ ဖြည့်နေခဲ့သည်ဟု ထင်ရကြောင်း၊ ယင်းကားကို ရဲတပ်ဖွဲ့က နေရာမှ ဖယ်ရှားခဲ့ကြောင်း ရေးသားထားသည်။ (Xinhua)