Asia
ဖိလစ်ပိုင်တောင်ပိုင်းရှိ ကျေးရွာတစ်ခုအား လက်နက်ကိုင်များဝင်ရောက်တိုက်ခိုက် ၊ ရွာသားများပိတ်မိနေ
မနီလာ ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Pigcawayan မြို့ရှိ ကျေးရွာတစ်ရွာအား Bangsamoro အစ္စလာမ်မစ်လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားများ( BIFF) က ယနေ့ဇွန်လ ၂၁ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
မြောက် Cotabato ပြည်နယ် ရှိ Pigcawayan မြို့ရဲတပ်ဖွဲ့အကြီးအကဲ ရဲစုံစမ်းရေးမှူး Realan Mamon က အမည်မသိလက်နက်ကိုင်များက ကျေးရွာအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဆိုသည့် သတင်းပေးပို့ချက်ကို ဒေသစံတော်ချိန် နံနက် ၅ နာရီခန့်တွင် လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်စစ်တပ်အနေဖြင့် အခင်းဖြစ်နေရာအနီးတစ်ဝိုက်ကို ဝန်းရံထားကြောင်း ၊ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များ နှင့် လက်နက်ကိုင်များ အကြား ပစ်ခတ်မှုဖြစ်ပွားနေသည့် နေရာ၌ အရပ်သားများ ပိတ်မိနေကြောင်း Mamon က ဆိုသည်။
လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် မြို့အတွင်းရှိ စာသင်ကျောင်းတစ်ခုကို ဝင်းစီးထားကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က အစောပိုင်းတွင် ပြောကြားခဲ့သည်။
သို့သော် ကျောင်းဝင်းအတွင်း ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် BIFF လက်နက်ကိုင်များသည် ကျောင်းသားများအား ဓားစာခံများအဖြစ် ဖမ်းဆီးထားခြင်း ရှိမရှိကိုမူ Mamon က ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
မြောက် Cotabato ပြည်နယ်အတွင်းရှိ Pigcawayan မြို့သည် မေလ ၂၃ ရက်ကတည်းက အိုင်အက်စ်တို့အားသစ္စာခံပြီး အစိုးရတပ်ဖွဲ့ဝင်များနှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသော ဖိလစ်ပိုင်သူပုန်များ ထိန်းချုပ်ထားရာ Marawi မြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက ဖိလစ်ပိုင်တောင်ပိုင်းရှိ Mindanao ကျွန်းတွင် တပ်စွဲထားသည့် အိုင်အက်စ် လက်နက်ကိုင်များအား တိုးမြှင့်တိုက်ခိုက်သွားမည့်အကြောင်း သတိပေးထားသည်။ (Xinhua)