Connect with us

Asia

ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် မြေပြိုပြီး မိုင်းတွင်းအလုပ်သမား ၃၃ဦးသေဆုံး၊ ၂၉ဦး ပျောက်ဆုံးနေ

တိုင်ဖုန်းမုန်တိုင်းကြောင့် မြေကြီးအောက် ရောက်နေသည့် မိုင်းတွင်းလုပ်သားနေအိမ်များ၌ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Benguet ပြည်နယ် တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော မြေပြိုမှုများကြောင့် မိုင်းတူးလုပ်ငန်းလုပ်ကိုင်ရာ Itogon မြို့ တွင် အနည်ဆုံး မိုင်းတွင်းအလုပ်သမား ၃၃ဦးသေဆုံးပြီး ၂၉ဦးပျောက်ဆုံးနေကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၆ရက်တွင်ပြောကြားခဲ့သည်။

Itogon မြို့တော်ဝန် Victorio Palangdan က မြေပြိုမှုကြောင့် လမ်းများ ပိတ်ဆို့ကုန်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့သည်။

Itogon မြို့ ရှိ Ucab ရွာ ရှိ လူ အယောက် ၁၀၀ ခန့် နေထိုင်လျက်ရှိသော အလုပ်သမားတန်းလျား ၂ခု သည် စက်တင်ဘာ ၁၅ ရက်တွင် တိုင်ဖုန်းမုန်တိုင်း မန်ကွတ်ကြောင့် ရွှံ့ညွှန်များအောက်သို့ ရောက်ရှိသွားခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

Palangdan က သေဆုံးသူ အနည်းဆုံး ၁၀၀ အထိ ရောက်ရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။

Itogon မြို့ မှ ဒေသခံအများစုသည် တစ်ပိုင်တစ်နိုင် မိုင်းတူးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ကြပြီး ကျန်ဒေသခံများမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း သိရသည်။ မိုင်းတွင်းလုပ်သားအများစုသည် မိုင်းတွင်းဧရိယာ အနီးအနားတွင် တဲများထိုး၍ ၎င်းတို့၏ မိသားစုများ နှင့် အတူနေထိုင်ကြကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဧရိယာသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေလွှတ်ခဲ့သော်လည်း ရွှံ့ညွှန်များအောက် နစ်မြုပ်နေသည့် အလုပ်သမားတဲများသည် မက်ဆောက်သော နေရာတွင် တည်ဆောက်ထားသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ခက်ခဲနေကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် Cordillera ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ က တိုင်ဖုန်းမုန်တိုင်း မန်ကွတ်ကြောင့် ဒေသအတွင်း အနည်းဆုံး လူ ၄၉ဦးသေဆုံးခဲ့ပြီး လူ၁၄ဦးပျောက်ဆုံးနေကြောင်း နှင့် လူ ၃၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)