Connect with us

Asia

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မူးယစ်ဆေးဝါး နှင့် ဆက်စပ်မှုခင်းများအား အနိုင်တိုက်ရန် အချိန် ခြောက်လထပ်မံလိုအပ်ကြောင်း ပြောကြား

ကျမ်းသစ္စာကျိန်ဆိုနေသည့် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး အားတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး က ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့သည် နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးနှင့် ဆက်စပ် ရာဇဝတ်မှုများအား နှိမ်နှင်းတိုက်ခိုက်နေသည့် စစ်ဆင်ရေး အနိုင်ရရှိစေရန် နောက်ထပ် အချိန် ခြောက်လ ထပ်မံလိုအပ်ကြောင်း စက်တင်ဘာ ၁၈ ရက် ကပြောကြားခဲ့သည်။

ဒူတာတေးသည် ဇွန်လ ၃၀ ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတရာထူးအားလက်ခံရရှိခဲ့ပြီး နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရာဇဝတ်မှုများ နှင့် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြဿနာများအား ခြောက်လအတွင်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ဒူတာတေးက “တရားမဝင် မူးယစ်ဆေးဝါးပြဿနာဟာ အကြီးကြီးလို့ ကျွန်တော်မမြင်ပါဘူး။ နောက်ထပ် အချိန် ခြောက်လလောက်ဘဲ ထပ်ပေးရုံနဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်မှာပါ” ဟု ပြောကြားခဲ့သည်။
၎င်း က ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့သည် မူးယစ်ဆေးဝါးနှင့် ဆက်စပ် ရာဇဝတ်မှုများအား မဆုတ်မနစ် ကြိုးစားတိုက်ဖျက်ခဲ့သော်လည်း ယခင် သတ်မှတ်ထားသည့် အချိန်ခြောက်လသည် ၎င်းအတွက် လုံလောက်မှု မရှိကြောင်း စက်တင်ဘာ ၁၈ ရက်က ပထမဆုံးအကြိမ် ဝန်ခံပြောကြားခဲ့သည်။
အစပိုင်းတွင် သတ်မှတ်ခဲ့သည့် နောက်ဆုံးအချိန်သည် ဒီဇင်ဘာလတွင် ပြီးဆုံးမည်ဖြစ်သည်။
ဖိလစ်ပိုင်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ လွန်ခဲ့သည့် နှစ်လကျော်ကာလအတွင်း ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေး နှင့် ဥပဒေပြင်ပ သတ်ဖြတ်မှုများကြောင့် လူ ၃,၀၀၀နီးပါး အသတ်ခံခဲ့ရကြောင်း သိရသည်။
ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် သံသယရှိသော မူးယစ်ဆေးဝါးသုံးစွဲသူ နှင့် ရောင်းဝယ်ဖောက်ကားသူများအား ဖမ်းဆီးရန် ယခုအချိန်အထိ စစ်ဆင်ရေးပေါင်း ၁၈,၅၀၀ လုပ်ဆောင်ခဲ့ပြီး သံသယရှိသူပေါင်း ၁၇,၅၂၈ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဒူတာတေး၏ မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းဝယ်သူနှင့် အကာအကွယ်ပေးသူ စာရင်းတွင် ပါရှိသော ဒေသခံ တာဝန်ရှိသူများ၊ ဆိုးသွမ်းသည့် ရဲဝန်ထမ်းများ၊ စစ်တပ်အရာရှိများ အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ်သူ ၇၀၀,၀၀၀ ကျော် အစိုးရထံ အပြစ်ဝန်ခံလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.