Connect with us

Asia

အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် လမ်းဘေးရေကန်ငယ်တစ်ခုထဲသို့ဘတ်စ်ကားထိုးကျသွားရာ အနည်းဆုံး လူ ၃၅ ဦး သေဆုံး

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ စက်တင်ဘာလ ၁၉ ရက်က တိမ်းမှောက်သွားသော ဘတ်စ်ကားအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ စက်တင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ စက်တင်ဘာလ ၁၉ ရက်က ခရီးသည်အလွန်အကျွံတင်ဆောင်ထားသော ဘတ်စ်ကားတစ်စီးသည် ဘီးချော်မှုဖြစ်ပွားပြီး လမ်းဘေးရှိ ရေကန်ငယ်တစ်ခုထဲသို့ထိုးဆင်းတိမ်းမှောက်သွားရာ လူပေါင်း ၃၅ ဦးထက် မနည်း သေဆုံးသွားကြောင် တာဝန်ရှိသူများက ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် ဘီဟာပြည်နယ် ပတ္တနား(Patna)မြို့မြောက်ဖက် ၁၈ဝ ကီလိုမီတာအကွာခန့်ရှိ Madhubani ခရိုင်အတွင်းက Shivnagar ကျေးရွာ၌ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဘီဟာမှာ လူပေါင်း ၃၅ ဦးကျော်သေဆုံးသွားရတဲ့ ယာဉ်မတော်တဆမှုကတော့ သိပ်ကို ဝမ်းနည်းကြေကွဲစရာပါပဲ ” ဟု ဘီဟာပြည်နယ်မှ အဆင့်မြင့်နိုင်ငံရေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Lalu Prasad Yadav က ဆိုသည်။
အခင်းဖြစ် ဘတ်စ်ကားသည် Madhubani ခရိုင် မှ Sitamarhi ခရိုင်သို့မှောင်းနှင်လာစဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ဘတ်စ်ကားပေါ်တွင် ခရီးသည် ၆၅ ဦးကျော် လိုက်ပါလာကြောင်း ၊ ၎င်းတို့အနက် အနည်းစုသာ အသက်ရှင်ကျန်ရစ်ကြောင်း သတင်းများက ဆိုသည်။
သေဆုံးသူဦးရေမှာ ၅ဝ ဦးထိ ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း တာဝန်ရှိသူများက စိုးရိမ်မကင်းဖြစ်နေသည်။ “ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၆၅ ယောက်လိုက်ပါလာတယ်။ ကားမှောက်ပြီးတဲ့အချိန်မှာတော့ အချို့တွေက အသက်ရှင်တယ်။ သေဆုံးသူဦးရေက ၅ဝ ဦးထိ တိုးလာနိုင်ဖွယ်ရှိနေပါတယ်” ဟု တာဝန်ရှိသူများက ဆိုသည်။ ဘီဟာပြည်နယ်အစိုးရက သေဆုံးသူ တစ်ဦးချင်းစီအတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၅၉၇၃ ပေးအပ်သွားမည်ဟု ကြေညာခဲ့သည်။
အိန္ဒိယနိုင်ငံ၌ မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်ခြင်း ၊ လမ်းမျက်နှာပြင်ကောင်းမွန်မှု မရှိခြင်း နှင့် ခရီးသည် အလွန်အကျွံတင်ဆောင်ခြင်း တို့ကြောင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
၂၀၁၅ ခုနှစ်တွင် ယာဉ်မတော်တဆမှုဖြင့် လူပေါင်း ၁၄၆ ၁၃၃ ဦး သေဆုံးပြီး ၅ဝ၁၄၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယနိုင်ငံ လမ်းပန်းပို့ဆောင်ရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ၏ ၂ဝ၁၅ ခုနှစ်တွင် ထုတ်ပြန်သော ကမ္ဘာ့လမ်းအန္တရာယ်ကင်းရှင်းရေးအစီရင်ခံစာတွင် အိန္ဒိယနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြင့် နှစ်စဉ်လူပေါင်း ၂ သိန်းကျော် သေဆုံးလျက်ရှိကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.