Connect with us

Asia

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် ၁၁ ဦး သေဆုံး၊ လူများစွာ ပျောက်ဆုံး

ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် လမ်းမများပေါ်တွင် ရေဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒေသတွင် နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းက တိုက်ခတ်ခဲ့သော Damrey တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၁၁ ဦး သေဆုံးပြီး လူများစွာ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

သေဆုံးသူများမှာ Khanh Hoa, Phu Yen နှင့် Binh Dinh စသည့် အလယ်ပိုင်းများမှ ဖြစ်ကြောင်း ပြည်နယ်ဆိုင်ရာ ပြည်သူ့ကော်မတီက ပြောကြားခဲ့ပြီး မုန်တိုင်းဒဏ်ကြောင့် နေအိမ် ထောင်ပေါင်းများစွာ အမိုးလန်သွားကာ သစ်ပင်များလည်း အမြစ်မှ ကျွတ်ထွက်သွားခဲ့သည်ဟု ဆိုသည်။

Khanh Hoa ပြည်နယ် တစ်ခုထဲအတွင်းမှာပင် လူ ၇ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေကြောင်း၊ ဒဏ်ရာရသူ ၅ ဦး ရှိကြောင်း သိရသည်။အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကုန်းမြင့်ဒေသများတွင် နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းကတည်းက တိုက်ခတ်နေခဲ့ပြီး နိုဝင်ဘာလ ၄ ရက် ညနေပိုင်း၌ ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်း ပြည်နယ်များသို့ ရွေ့လျားသွားမည်ဟု ခန့်မှန်းထားကြောင်း၊ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသတွင် နောက်ထပ် ငါးရက်အတွင်း မိုးသည်းထန်ခြင်းနှင့် လေပြင်းမုန်တိုင်းများ ဆက်လက် တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။

ဗီယက်နမ်နိုင်ငံသည် လာမည့် နိုဝင်ဘာလ ၆ ရက်မှ ၁၁ ရက်အထိ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ ရက်သတ္တပတ်အား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန်ရှိပြီး နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းများကြောင့် Da Nang မြို့လယ်ရှိ My Son ကမ်းခြေ တစ်လျှောက် အဓိကလမ်းမများပေါ်ရှိ ကြိုဆိုရေး ဂိတ်များနှင့် ကြော်ငြာဆိုင်းဘုတ်များစွာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ (Xinhua)