Asia
မြောက်ကိုရီးယားက တောင်-မြောက်ကိုရီးယားအဆင်မြင့်တွေ့ဆုံဆွေးနွေးပွဲကို ဖျက်သိမ်းမည်ဟု ကြေညာ
ပြုံယမ်း ၊ မေ ၁၆ ရက်(ဆင်ဟွာ)
ယခုရက်ပိုင်းများတွင် တောင်ကိုရီးယားနှင့်အမေရိကန်တို့က မြောက်ကိုရီးယားကို ဦးတည်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ အကြီးအကျယ်ပြုလုပ်နေရာ ထိပ်တိုက်ရန်စမှုသဘောများသက်ရောက်နေသည့် ဤလုပ်ရပ်များကြောင့် မေလ ၁၆ ရက်တွင် ကျင်းပမည့် တောင်-မြောက်ကိုရီးယားအဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ရခြင်းဖြစ် ကြောင်း၊ အမေရိကန်အနေနှင့်လည်း ရက်သတ်မှတ်ပြီးသည့် မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးဆွေးနွေးပွဲ၏အနာဂတ်အတွက် ထည့်သွင်းစဉ်းစားသုံးသပ်သင့်ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA) က မေလ ၁၆ ရက် နံနက်ပိုင်းတွင် ရေးသားဖော်ပြထားသည်။
တောင်ကိုရီးယားနှင့်အမေရိကန်သည် မေလ ၁၁ ရက်မှစ၍ တောင်ကိုရီးယားနိုင်ငံအတွင်း ပူးတွဲ လေကြောင်းတိုက်ခိုက်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့လေ့ကျင့်ရေးလုပ်ဆောင်ခြင်း က ပန်မွန်ဂျုံကြေညာချက် ကို စိန်ခေါ်သလိုဖြစ်နေပြီး မြောက်ကိုရီးယားကျွန်းဆွယ်၏ အခြေအနေကို ဆန့်ကျင်သည့် စစ်ရေးရန်စမှုဖြစ်ကြောင်း၊ တောင်ကိုရီးယား၏ ယခုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်လိုသည့် ဆင်ခြင်တုံမဲ့ စစ်ရေးလေ့ကျင့်မှုကြောင့် မြောက်ကိုရီးယားက ၁၆ ရက်နေ့တွင် ကျင်းပမည့် တောင်-မြောက်ကိုရီးယားအဆင့်မြင့်ဆွေးနွေးပွဲကို မဖြစ်မနေဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ၊ တောင်-မြောက်ဆက်ဆံရေး၏ပြောင်းလဲမှု ပထမခြေလှမ်းတွင် အခက်ခဲအတားအဆီးများဖြစ်စေခဲ့ခြင်း၏ တာဝန်မှာ တောင်ကိုရီးယား အစိုးရတွင်သာရှိကြောင်း ၊ အမေရိကန်ကလည်း မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးဆွေးနွေးပွဲကို ထည့်သွင်းစဉ်စားသင့်ပြီဖြစ်ကြောင်း ၊မြောက်ကိုရီးယားအနေဖြင့် တောင်ကိုရီးယားနှင့်အမေရိကန်၏ အခြေအနေကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်း၏သတင်းကြေညာချက်တွင် ဖော်ပြထားသည်။
ဧပြီလ ၂၇ ရက်တွင် တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များက ပန်မွန်ဂျုံတွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပန်မွန်ဂျုံကြေညာချက်ကို အတူလက်မှတ်ရေးထိုးခဲ့ရာ နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေး ကောင်းမွန်အောင်၊ ကိုရီးယားကျွန်းဆွယ်အနုမြူကင်းမဲ့ရေးနှင့် ထာဝရတည်ငြိမ် အေးချမ်းရေးကို အကောင်အထည်ဖော်ရန် သဘောတူညီချက်များရရှိခဲ့သည်။ ထို့နောက် မေလ ၁၀ ရက် တွင် အမေရိကန်သမ္မတ ထရန့်က ၎င်းနှင့်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ဇွန်လ ၁၂ ရက်၌
စင်္ကာပူတွင် တွေ့ဆုံမည်ဟု ကြေညာခဲ့သည်။ (Xinhua)