Asia
မွမ်ဘိုင်းမြို့အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ ၇ ဦးထိရှိလာ
မွမ်ဘိုင်း ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)
ဇူလိုင် ၁၆ ရက်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ လေးထပ် အဆောက်အအုံတစ်လုံးပြိုကျမှုတွင် သေဆုံးသူ ၇ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ၊ လက်ရှိတွင် လူ ၈ ဦးကို ကယ်ထုတ်ပြီး ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း နှင့် အပျက်အစီးပုံအတွင်း လူပေါင်း ၄ဝ မှ ၅ဝ အထိ ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။
သေဆုံးသူများထဲတွင် အမျိုးသမီး ၃ ဦး နှင့် အမျိုးသား ၄ ဦး ပါဝင်ကြောင်း မွမ်ဘိုင်းမြို့ရဲတပ်ဖွဲ့က ဆိုသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ပြည်သူများသေဆုံးရမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။
“ မွန်ဘိုင်းမြို့ရဲ့ Dongri အဆောက်အအုံတစ်လုံးပြိုကျခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ရပါတယ်။ သေဆုံးသွားသူတွေရဲ့ မိသားဝင်တွေအတွက် ဝမ်းနည်းကြေကွဲရပါတယ်” ဟု ဝန်ကြီးချုပ်ရုံး၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
၎င်းပြိုကျမှုဖြစ်ပွားခဲ့သည့် အဆောက်အအုံကို ၁၉၈၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အတိအကျမသိရသေးသော အကြောင်းအချို့ကြောင့် ပြန်လည်ပြင်ဆင်မွမ်းမံမှုရပ်ဆိုင်းခဲ့သည်။
“ အဲဒီနေရာကို ပြန်လည်ပြင်ဆင်မွမ်းမံမှုလုပ်ဖို့ခွင့်ပြုချက်ပေးထားပြီးသာပါ။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးရင်တော့ ဘာကြောင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းတွေ နှောင့်နှေးနေရတာလဲဆိုတာကို သိရမှာပါ။ အခုချိန်မှာတော့ အပျက်အစီးပုံထဲမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ပဲ ဦးစားပေး ဆောင်ရွက်နေပါတယ်” ဟု Maharashtra ပြည်နယ်ဝန်ကြီးချုပ် Devendra Fadnavis က သတင်းသမားများအားပြောကြားခဲ့သည်။
အမျိုးသားဘေးအန္တရာယ်ကယ်ဆယ်ရေးတပ်ဖွဲ့က အဖွဲ့ ၃ ဖွဲ့ခွဲ၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး အဆိုပါဖြစ်စဉ်ကို အဆင့် ၂ မတော်တဆမှု ဖြစ်စဉ်အဖြစ်သတ်မှတ်ထားသည်။
ပြိုကျအဆောက်အအုံနှင့်ဆက်စပ်နေသော အခြားလူနေအဆောက်အအုံများမှ ပြည်သူများကို အနီးအနားရှိ စာသင်ကျောင်းတစ်ခုသို့ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။
Brihan Mumbai မြူနီစီပယ်ကော်ပိုရေးရှင်း၏ မြို ့တော်လူမှုအသိုက်အဝန်းအေဂျင်စီက ပြီးခဲ့သော မေလတွင် မွမ်ဘိုင်းမြို့၌ အန္တရာယ်ရှိ အဆောက်အအုံပေါင်း ၄၉၉ လုံးရှိကြောင်း အတည်ပြုခဲပြီး ယခင်နှစ်အလားတူကာလတွင် ၆၁၉ လုံးရှိကြောင်း ဆိုခဲ့သည်။(Xinhua)