Connect with us

Asia

သီရိလင်္ကာ ထောင်ဖောက်ရန်ကြိုးပမ်းမှုတွင် အကျဉ်းသား ၈ဦးသေဆုံး၊ ၇၀ ကျော် ဒဏ်ရာရ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ပြင်ပရှိ Mahara အကျဉ်းထောင် အပြင်ဘက်တွင် အကျဉ်းသားများ၏ ဆွေမျိုးများ စုဝေးရောက်ရှိနေသည်ကို နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့အပြင်ဘက် Mahara မြို့ရှိ လုံခြုံရေးအမြင့်မားဆုံး အကျဉ်းထောင်တစ်ခုတွင် ဖြစ်ပွားခဲ့သော မငြိမ်သက်မှုကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ငါးဦးပါသောအထူးကော်မတီတစ်ရပ်ကို တရားရေးဝန်ကြီးဌာန ဝန်ကြီး Ali Sabry က ခန့်အပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်သည် နိုဝင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား ၈ ဦးထက်မနည်းသေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ကော်မတီအနေဖြင့် အကျဉ်းထောင်အစောင့်များနှင့် အကျဉ်းသားများအကြား မည်သည့်အကြောင်းကြောင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားရသည်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ထိုကဲ့သို့ မငြိမ်သက်မှုများအား တားဆီးရန် အကြံပြုချက်များ ပေးသွားမည်ဖြစ်ကြောင်း Sabry က ဆိုသည်။

 သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ပြင်ပရှိ  Mahara အကျဉ်းထောင် အပြင်ဘက်တွင် အကျဉ်းသားများ၏ ဆွေမျိုးများ စုဝေးရောက်ရှိနေသည်ကို နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီး၏ ညွှန်ကြားချက်များအရ သီးခြားစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနကို ရဲတပ်ဖွဲ့အကြီးအကဲက ညွှန်ကြားထားကြောင်း သိရသည်။နိုဝင်ဘာ ၂၉ ရက်နေ့လယ်ပိုင်းတွင် အကျဉ်းသားအုပ်စုက ၎င်းတို့၏ အဆောင်များကို ချိုးဖျက်ပြီး Mahara အကျဉ်းထောင်၏ အဓိကတံခါးမကြီးဆီသို့ ဦးတည်ထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်းစဥ် ပြင်းထန်သည့် ထောင်တွင်းမငြိမ်သက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့အစောင့်များက အခြေအနေကို ထိန်းချုပ်နိုင်ရန် ချက်ချင်းဆိုသလိုပင် သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ အကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင်မူ သေဆုံးသူ စုစုပေါင်းမှာ ၈ ဦးအထိရှိလာပြီး ဒဏ်ရာရသူမှာလည်း ၇၁ ဦး ထိရှိခဲ့ကြောင်း သိရသည်။

 သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ပြင်ပရှိ  Mahara အကျဉ်းထောင် အပြင်ဘက်တွင် အကျဉ်းသားများ၏ ဆွေမျိုးများ စုဝေးရောက်ရှိနေသည်ကို နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အကျဉ်းသားများသည် COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အနည်းဆုံး အကျဉ်းသား ၂၅၀၀ ဦးကို ထိန်းသိမ်းထားသည့် အကျဉ်းထောင်မှလွှတ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
Mahara အကျဉ်းထောင်အတွင်း အနည်းဆုံးအကျဉ်းသား ၁၈၀ ဦး ဗိုင်းရပ်စ်ကူးစက်ခံနေရကာ ၎င်းတို့ကို သီးခြားခွဲထားပြီးဖြစ်ကြောင်း ထောင်တာဝန်ရှိသူများက ဆိုသည်။

ဒီဇင်ဘာ ၁ ရက် ညနေအထိ ဆေးရုံတက်ခွင့်ပြုသည့် အကျဉ်းသား ၇၁ ဦးအနက် ၄၈ ဦးကို antigen test ဖြင့် စစ်ဆေးခဲ့ပြီး ယင်းအနက် အကျဉ်းသား ၂၆ ဦးတွင် COVID-19 ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့သည်ဟု Mahara ဆေးရုံမှ ဒုတိယညွှန်ကြားရေမှူး ဒေါက်တာ Sarath Premasiri ၏ ပြောကြားချက်အား ကိုးကား၍ ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

သမ္မတ Gotabaya Rajapaksa သည် ပြီးခဲ့သည့်အပတ်က အကျဉ်းသားများအကြား ဗိုင်းရပ်စ်လျင်လျင်မြန်မြန်ပျံ့နှံ့နေမှုကြောင့် အကျဉ်းသား ၆၀၀ ကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရန် သဘောတူခဲ့သည်ဟု ဒေသမီဒီယာက ကိုးကားပြောဆိုခဲ့ကြောင်း အကျဉ်းသားများဆိုင်ရာ ကော်မရှင်နာမင်းကြီး Thushara Upuldeniya က ပြောကြားခဲ့သည်။

သို့သော်လည်း သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့် ကို ဆိုးရွားသည့်ပြစ်မှုများ ကျူးလွန်ထားခြင်းကြောင့် အကျဉ်းကျနေသူများ လျှောက်ထားခွင့်မရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။
အကျဉ်းထောင်များအား သမ္မတလွတ်ငြိမ်းချမ်းသာခွင့်အတွက် ထည့်သွင်းစဉ်းစားရန် အကျဉ်းသားများ စာရင်းကို အကျဉ်းထောင်များရုံးချုပ်သို့ ဖြစ်နိုင်သမျှမြန်မြန်ပေးကြရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.