Connect with us

Asia

အယ်လ်ဂျီးရီးယားတွင် ရဟတ်ယာဉ် ပျက်ကျ၍ စစ်သား ၅ဦးသေဆုံး

အယ်လ်ဂျီးရီးယားနိုင်ငံ တွင် ယခင်က ပျက်ကျခဲ့သည့် ရဟတ်ယာဉ် တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အယ်လ်ဂျီးယားစ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော် အယ်လ်ဂျီးယားစ်မြို့ အနောက်ဘက် တီပါဇာပြည်နယ် တွင် မေ ၂၁ ရက် သန်းခေါင်ယံအချိန်က စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် စစ်သား ၅ဦးစလုံးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းစာက ဖော်ပြခဲ့သည်။

အယ်လ်ဂျီးရီးယား ရေတပ်ပိုင် ရဟတ်ယာဉ်သည် ကင်းလှည့်စစ်ဆေးမှု ပြုလုပ်နေစဉ် Hamr el Ain မြို့ရှိ လယ်ကွင်းတစ်ခု ၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရဟတ်ယာဉ် သည် ဗို့အားမြင့် လျှပ်စစ်ဓါတ်အားပေးတိုင် နှင့် တိုက်မိပြီးနောက် ထိန်းချုပ်မှုကင်းမဲ့သွားခဲ့ကြောင်း Ennahar ရုပ်သံလိုင်းက မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ယင်းမတော်တဆမှု နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။၂၀၁၆ခုနှစ် မတ်လကလည်း အယ်လ်ဂျီးရီးယားနိုင်ငံ တွင် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စီးပျက်ကျခဲ့ရာ စစ်သား ၁၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။လွန်ခဲ့သော သုံးနှစ်တာကာလ သည် အယ်လ်ဂျီးရီးယား စစ်ဘက်ဆိုင်ရာ လေယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့သည့် ကာလများဖြစ်ပြီး ၎င်းတို့အနက် အဆိုးဆုံး တစ်ခုမှာ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ လတွင် အယ်လ်ဂျီးရီးယား လေတပ် မှ C-130 Hercules လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ကာ စစ်ဘက်ဆိုင်ရာဝန်ထမ်း ၇၇ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)