Asia
အိန္ဒိယက စာသင်ကျောင်းက ကျွေးတဲ့ နေ့လည်စာတွင် မြွေတွေ့
နယူးဒေလီ၊ မေ ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြို့တော်အနီးရှိ အစိုးရကျောင်း တစ်ကျောင်းက ကျွေးသည့် နေ့လည်စာတွင် မြွေ အသေ တစ်ကောင် တွေ့ရှိခဲ့ပြီးနောက် စစ်ဆေးမှု ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း တာဝန်ရှိသူများက မေလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
“မြို့တော်ကနေ ၃၀ ကီလိုမီတာ အကွာမှာရှိတဲ့ Faridabad က Rajkeeya မိန်းကလေး အလယ်တန်းကျောင်းမှ ကျောင်းသားများကို ကျွေးတဲ့ ပဲထမင်းပေါင်းထဲမှာ မြွေပေါက်လေးကို တွေ့ခဲ့တာပါ” ဟု အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
အစားအစာထဲ မြွေပါရှိနေခြင်းအား မသိသေးမီက ကျောင်းသားအချို့ ယင်း အစားအစာများကို စားသုံးပြီး ဖြစ်နေကြောင်း၊ အစာစားပြီးသည့် ကျောင်းသား အချို့မှာ အော့အန်ကြောင်းနှင့် နေမကောင်း ဖြစ်ကြကြောင်း၊ ထိုမြွေမှာ အစားအစာထဲသို့ မည်သို့ ရောက်ရှိလာခြင်းကို စတင်စစ်ဆေးခဲ့ကြောင်း အဆိုပါ အရာရှိက ဖြည့်စွက် ပြောကြားခဲ့သည်။
သို့သော်လည်း ကျောင်းအုပ်ဆရာကြီး Braj Bala က ထို အစားအစာများမှာ ကျောင်းအတွင်း ချက်ပြုတ်ထားခြင်းမဟုတ်ကြောင်းနှင့် အစိုးရ မဟုတ်သော ဘာသာရေး အဖွဲ့အစည်း တစ်ခုက လာရောက် ပေးအပ်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။
“မြွေလို့ ထင်ရတဲ့ ပိုးကောင်မျိုး အစာထဲမှာ တွေ့တွေ့ချင်းမှာပဲ ကလေးတွေ စားနေတာတွေကို ချက်ချင်း ရပ်ခိုင်းလိုက်တယ်၊ ပြီးတော့ အစားအစာ လာပေးတဲ့ အဖွဲ့နဲ့ တာဝန်ရှိသူတွေကို ချက်ချင်း အကြောင်းကြားခဲ့တယ်” ဟု Bala က မီဒီယာများအား ပြောသည်။
အိန္ဒိယနိုင်ငံ၏ နေ့လည်စာ ကျွေးမွေးမှု အစီအစဉ်မှာ စာသင်ကျောင်းများတွင် ကမ္ဘာ့ ရည်မှန်းချက် အကြီးဆုံး အခမဲ့ အာဟာရ ကျွေးမွေးခြင်း ဆောင်ရွက်လှုပ်ရှားမှု ဖြစ်ပြီး နိုင်ငံအတွင်းရှိ စာသင်ကျောင်း အရေအတွက် တစ်သန်းကျော်ရှိ ကျောင်းသား သန်း ၁၂၀ ကျော်အား ချက်ပြုတ်ပြီး အစားအစာများ ထောက်ပံ့ပေးနေခဲ့ခြင်း ဖြစ်သည်။
အစားအစာ ငတ်မွတ်ခေါင်းပါးမှုနှင့် ကလေးငယ်များ ကျောင်းတက်နိုင်ရေး မြှင့်တင်ရန်အတွက် ကျောင်းများတွင် နေ့လည်စာ ကျွေးမွေးခြင်း စီမံကိန်း လုပ်ဆောင်ခဲ့သော်လည်း သန့်ရှင်းမှု အားနည်းခြင်းကြောင့် အစားအစာများထဲတွင် ကြွက်နှင့် အင်းဆက် အသေများ တွေ့ရှိခဲ့ကာ ရောဂါဝေဒနာများ ခံစားရမှုများ ရှိခဲ့သည်။
၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ စာသင်ကျောင်း တစ်ကျောင်းတွင် နေ့လည်စာ စားပြီး အစာအဆိပ်သင့်ခဲ့ပြီးနောက် အနည်းဆုံး ကလေးငယ် ၂၂ ဦး သေဆုံးကာ ဒါဇင်ပေါင်းများစွာ ဖျားနာခဲ့ရကြောင်း သိရသည်။ (Xinhua)