Asia
စင်ကာပူနိုင်ငံက တက္ကသိုလ် နှစ်ခု ကမ္ဘာ့ထိပ်တန်း ၁၅ ခု စာရင်းဝင် ဖြစ်လာ

စင်ကာပူ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံ၏ နာမည်ကြီး တက္ကသိုလ် နှစ်ခုဖြစ်သော National University of Singapore(NUS) နှင့် နန်ယန်း နည်းပညာတက္ကသိုလ်(Nanyang Technological University= NTU) တို့သည် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၁၅ ခု စာရင်းဝင် ဖြစ်လာကြောင်း အင်္ဂါနေ့က ထုတ်ပြန်သော ၂၀၁၅/ ၂၀၁၆ Quacquarelli Symonds (QS) အဆင့်သတ်မှတ်ချက် အရ သိရပါသည်။
QS ၏ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်အဆင့် သတ်မှတ်ချက်တွင် NUS က အဆင့် ၁၂ ချိတ်ခဲ့ပြီး မနှစ်ကထက် ၁၀ ဆင့် မြင့်လာခဲ့သည်။ NTU ကတော့ NUS နောက်တွင် ရှိနေပြီး မနှစ်က ရှိခဲ့သော အဆင့် ၂၆ ကနေ ခုန်တက် လာခြင်း ဖြစ်သည်။ ယင်းတက္ကသိုလ် နှစ်ခုသည် Ivy League နှင့် ဥရောပ တက္ကသိုလ်များ ဖြစ်သော ယေးလ်၊ ဂျွန်ဟော့ပ်ကင်း၊ ကာနယ်လ်နှင့် လန်ဒန် ဘုရင့်ကောလိပ်တို့ထက် သာလွန် ကောင်းမွန် နေခဲ့ပါသည်။
NUS သည် အင်ဂျင်နီယာရင်းနှင့် နည်းပညာ၊ လူမှုသိပ္ပံ နှင့် စီမံခန့်ခွဲမှု၊ သဘာဝသိပ္ပံ ဆိုင်ရာ ဘာသာရပ်များ အတွက် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀ ခုထဲတွင် ပါဝင်နေပြီး အနုပညာနှင့် လူမှုဘာသာရပ်များ၊ လူမှုသိပ္ပံနှင့် ဆေးပညာ ဘာသာရပ်ဆိုင်ရာ အတွက်တော့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂၀ စာရင်းထဲမှာ ရှိနေပါသည်။
NTU သည် အင်ဂျင်းနီးယားရင်းနှင့် နည်းပညာ မဟာတန်းအတွက် ယခုနှစ်တွင် ကမ္ဘာ့အဆင့် ၆ ရှိခဲ့ပြီး သဘာဝ သိပ္ပံမှာတော့ အဆင့် ၁၅ မှာ ရှိနေပါသည်။
ဂုဏ်သတင်း ကြီးမားသော တက္ကသိုလ်ကျောင်းဆင်းများ၏ အရည်အချင်း၊ အလုပ်အကိုင်ရရှိမှု မဟာတန်း တစ်ခုစီ၏ စာတမ်းများ၊ မဟာတန်း ကျောင်းသား အချိုး နှင့် နိုင်ငံခြားသား ကျောင်းသားများနှင့် မဟာတန်း ကျောင်းသားများ တက်ရောက်နေသော ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်ပေါင်း ၈၉၁ ခုအား QS ကနေ ရွေးချယ်အဆင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ပညာရှင်ပေါင်း ၇၆,၇၉၈ ဦး၊ အလုပ်ရှင်ပေါင်း ၄၄,၂၂၆ ဦး နှင့် တက္ကသိုလ်ပေါင်း ၃,၅၀၀ အား သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)