Asia
တရုတ်နိုင်ငံ နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံသွားရန် ဖိလစ်ပိုင် သမ္မတ ဒူတာတေး ကတိပြုပြောကြား
မနီလာ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံ သည် တရုတ်နိုင်ငံ နှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဇူလိုင်၂၅ရက်က ကတိပြုပြောကြားခဲ့သည်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၎င်းနိုင်ငံ အတွက် တရုတ်နိုင်ငံမှ အထောက်အပံ့များ၊ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုများ အထူးသဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ ထောက်ပံ့ပေးမှုများကို အထူးအလေးထားပါကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ဒူတာတေးက နှစ်နိုင်ငံအကြား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လာမှု နှင့်ပတ်သက်၍ ၎င်း၏ ကျေနပ်အားရမှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံပြည်သူများ အကျိုးအမြတ်ဖြစ်ထွန်းစေရန် ဖိလစ်ပိုင်သည် ကဏ္ဍပေါင်းစုံတွင် တရုတ်နိုင်ငံ နှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ပြောကြားခဲ့သည်။
ဝမ်က တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို အခိုင်အမာ ထောက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ဝမ်က နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးသည် ပြီးပြည့်စုံစွာ တိုးတက်လာပြီး ယင်းသို့တိုးတက်လာခြင်းက နှစ်နိုင်ငံပြည်သူများအတွက် သိသာထင်ရှားသည့် အကျိုးရလဒ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)