Connect with us

Asia

တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာရန် ခေတ်သစ်ပိုးလမ်းမကြီးက အဓိက အခန်းကဏ္ဍတွင်ရှိ

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano တို့ နှစ်ဦး လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ် နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွင် ခေတ်သစ်ပိုးလမ်းမကြီးက အဓိကကျသော အခန်းကဏ္ဍတွင် ရှိနေလိမ့်မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ရှေးဟောင်းပင်လယ်ရေကြောင်းပိုးလမ်းမတွင် အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ၊ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်မှ တရုတ်ကုန်တင်သင်္ဘောများ အတွက် ပထမဆုံး ဆိုက်ကပ်ရာ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဝမ်ရိက ဆက်လက်ပြောကြားခဲ့သည်။

သမိုင်းကြောင်းရှိခဲ့သလိုမျိုးပင် ဖိလစ်ပိုင်နိုင်ငံသည် ၂၁ ရာစုခေတ်သစ်ပိုးလမ်းမကြီးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ပြန်လည်တည်ရှိနေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခေတ်သစ်ပိုးလမ်းမကြီး မူဘောင်အောက်တွင် တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ၏ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းမကြီးများ နှင့် တံတားများစသည့် အခြေခံအဆောက်အအုံများကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ဝမ် ကပြောသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano နှင့် မနီလာမြို့၌ ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

လွန်ခဲ့သော နှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသွားရောက်လည်ပတ်ခဲ့ပြီးနောက် တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့ကြောင်း ဝမ်က မှတ်ချက်ပြုပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် Cayetano က တရုတ်နိုင်ငံမှ အဆိုပြုခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုကို ထောက်ခံအားပေးကြောင်း ၊ ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး အာဆီယံ-တရုတ်ဆက်ဆံရေးများတွင် အာဆီယံ ဖွံံဖြိုးရေးအနာဂတ်စီမံကိန်းများလည်း ပါဝင်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ဇူလိုင်လ ၂၅ ရက် တွေ့ဆုံမှုတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ၊ အခြေခံအဆောက်အအုံ ၊ စီးပွားရေး နှင့် ကုန်သွယ်ရေး ၊ ပြည်သူ့ အခန်းကဏ္ဍ ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှု နှင့် အနုပညာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.