Asia
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်အား ချီးမြှင့်ထားသော တော်ဝင်အဆောင်အယောင်များကို ရုပ်သိမ်းကြောင်းကြေညာ
ဘန်ကောက် ၊ မတ် ၃၁ ရက်(ဆင်ဟွာ)
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝဂ်ထရာအား ယခင်က ပေးအပ်ချီးမြှင့်ထားသော တော်ဝင်အဆောင်အယောင်များ အားလုံးကို ရုပ်သိမ်းကြောင်း အမိန့်ကြေညာချက်တစ်စောင်ကို ထိုင်းဘုရင် မဟာဗီဂျေလောင်ကွန်းက ထုတ်ပြန်ကြေညာခဲ့သည်။
သက်ဆင်အား ပေးအပ်ထားသော တော်ဝင်အဆောင်အယောင်ဂုဏ်ပုဒ်အားလုံးကို အပြီးအပိုင်ရုပ်သိမ်းကြောင်း ဘုရင့်အမိန့်ပြန်တမ်းတစ်စောင်ကို မတ် ၃ဝ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်မှာ မတ် ၂၉ ရက်ကတည်းက စတင်အသက်ဝင်နေပြီဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
အဆိုပါ အမိန့်ပြန်တမ်းထဲတွင် သက်ဆင်သည် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးတွင် အမှုစွဲဆိုခံထားရသူတစ်ဦးဖြစ်ကြောင်း နှင့် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုကတည်းက ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ကြောင်း ၊ သို့သော် ဝန်ကြီးချုပ်ဟောင်းအနေဖြင့် ထိုစဉ်ကတည်းက နိုင်ငံရပ်ခြားသို့ထွက်ပြေးတိမ်းရှောင်နေခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် သက်ဆင်အနေဖြင့် အခြားသောမလျော်မကန်သည့်အပြုအမူများကိုလည်း ပြုလုပ်ခဲ့ကြောင်းစွပ်စွဲခံထားရပြီး ယင်းအတွက်ကြောင့်ပင် ထိုင်းနိုင်ငံ၏ ၂ဝ၁၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တော်ဝင်အဆောင်အယောင်များအားလုံးကို ရုပ်သိမ်းခံရခြင်းဖြစ်ကြောင်း အမိန့်ပြန်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။(Xinhua)