Asia
ဗီယက်နမ်မြို့တော်တွင် ပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် အနည်းဆုံး ၄ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ
ဟနွိုင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ဗီယက်နမ်မြို့တော် ဟနွိုင်း၏ ဆင်ခြေဖုံးနေရာတစ်ခုဖြစ်သည့် Ha Dong ဒေသတွင် မတ်လ ၁၉ ရက် နေ့လည်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဗီယက်နမ်အစိုးရ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။
ဗီယက်နမ်ဗဟိုအစိုးရ၏ အွန်လိုင်းသတင်းစာတွင် ဖော်ပြထားချက်အရ မတ်လ ၁၉ရက် ညနေ ၃း၁၀နာရီတွင် Ha Dong ဒေသ ရှိ Van Phu လူနေဧရိယာ၏ လမ်းဘေးလူသွားလမ်း တွင်ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးမှုများအပြင် လူတစ်ဦးပျောက်ဆုံးနေကြောင်းသိရသည်။
ပေါက်ကွဲမှုကြောင့် အဆိုပါဧရိယာတွင် အနက်တစ်မီတာ၊ အကျယ် လေးမီတာ ရှိသည့် ချိုင့်တစ်ခု ကျန်ရစ်ခဲ့ကြောင်း သိရသည်။ပေါက်ကွဲမှုကြောင့် အနီးအနားရှိ လူနေအိမ်များ၊ မော်တော်ဆိုင်ကယ် ခြောက်စီး နှင့် ကားတစ်စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
ဒေသခံ ရဲတပ်ဖွဲ့များက ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းနေကြောင်း သိရပြီး တစ်ချိန်တည်းမှာပင် ပြည်တွင်းမီဒီယာများက အဆိုပါဧရိယာတွင် လူနှစ်ယောက်သည် ပေါက်ကွဲမှု ဖြစ်ပွားစေသည်ဟု ယူဆရသော အောက်စီဂျင်အိုးတစ်လုံးကို ဖြတ်တောက်ရန် ကြိုးစားနေခဲ့ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)