Asia
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေါ်လာ သန်း ၈၂၀ ကုန်ကျမည့် တတိယမြောက် ရေအောက် ကေဘယ်ကြိုးလိုင်း စီမံကိန်း အတည်ပြု
ဒါကာ၊ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမြင့်ဆုံးစီးပွားရေးမူဝါဒဖော်ဆောင်ရေးကောင်စီက ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၆.၉၃ ဘီလီယံ(အမေရိကန်ဒေါ်လာ သန်း ၈၂၀ ) တန်ဖိုးရှိ နိုင်ငံ၏တတိယမြောက် ရေအောက် အင်တာနက် ကေဘယ်ကြိုးလိုင်း တပ်ဆင်ရေးစီမံကိန်းအတွက် ဒီဇင်ဘာ ၁ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။ (၁ ဒေါ်လာ=၈၆ တာကာ)
ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ဝန်ကြီးချုပ်ရှိတ်ဟာဇီနာက ဥက္ကဌအဖြစ်တာဝန်ယူထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားစီးပွားရေးကောင်စီ အမှုဆောင်ကော်မတီ(ECNEC) ၏ အစီးအဝေးတစ်ခုတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
အစီးအဝေးအပြီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီမံကိန်းကော်မရှင်၏ အကြီးတန်းအတွင်းရေးမှူး Shamsul Alam က သတင်းထောက်များအားပြောကြားရာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စာတိုက် ၊ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာ ICT ဝန်ကြီးဌာနလက်အောက်ရှိ ဘင်္ဂလားဒေ့ရှ် ရေအောက် အင်တာနက် ကေဘယ်ကြိုးတပ်ဆင်ရေးကုမ္ပဏီဖြစ်သည့် (BSCCL) က ယင်းစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဟု ဆိုသည်။
စီမံကိန်း အဆိုပြုချက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယင်းရေအောက် ကေဘယ်ကြိုးလိုင်းကို အရှေ့တောင်အာရှ-အရှေ့အလယ်ပိုင်း-အရှေ့အနောက်ဥရောပ(SEA-ME-WE-6) တို့ကို ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
SEA-ME-WE-6 ရေအောက် ကေဘယ်လိုင်းသည် စင်ကာပူနိုင်ငံမှ ပြင်သစ်နိုင်ငံအထိ ချိတ်ဆက်ပေးမည်ဖြစ်ပြီး မြေထဲပင်လယ် ကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာ ၊ အာရေဗီယံပင်လယ် နှင့် ပင်လယ်နီတို့ကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကေဘယ်ကြိုးလိုင်းသည် စင်ကာပူ ၊ အိန္ဒိယ ၊ ဂျီဘူတီ ၊ အီဂျစ် နှင့် ပြင်သစ်နိုင်ငံများတွင် ကုန်းမြေအခြေစိုက်စခန်းများပေါ် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကေဘယ်ကြိုးလိုင်း ချိတ်ဆက် ကုန်းမြေအခြေစိုက်စခန်းကို ဘင်္ဂလားပင်လယ်အော်ကိုဖြတ်၍ နိုင်ငံ၏ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရေအောက်ကေဘယ်ကြိုးလိုင်းတပ်ဆင်ခြင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် 6 terabytes per second of bandwidth အထိ အင်တာနက်မြန်နှုန်းရရှိမည်ဖြစ်ရာ နိုင်ငံ၏ အင်တာနက်မြန်နှုန်း မြှင့်တင်ရန် ကူညီပေးနိုင်ခြင်း နှင့် 5G ဝန်ဆောင်မှုများ ပေးနိုင်ခြင်း တို့ကို ရရှိမည်ဖြစ်သလို bandwidth တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
စုစုပေါင်းကုန်ကျစရိတ် ဘင်္ဂလားဒေ့ရှ်ငွေတာကာ ၆.၉၃ ဘီလီယံရှိမည်ဖြစ်ကြောင်း ၊ အစိုးရအနေဖြင့် စီမံကိန်းအတွက် တာကာ ၃ ဘီလီယံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း နှင့် ကျန်ငွေများကို စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအေဂျင်စီက ကျခံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၁၅ ခုနှစ်က အရှေ့အောင်အာရှ-အရှေ့အလယ်ပိုင်း-အနောက်ဥရောပ ၄ (SEA-ME-WE 4) ရေအောက်ကေဘယ်ကြိုးလိုင်းကို ပထမဆုံးချိတ်ဆက်ခဲ့ပြီး ၊ ဒုတိယချိတ်ဆက်မှုအနေဖြင့် ၂၀၁၇ ခုနှစ်တွင် အရှေ့တောင်အာရှ-အရှေ့အလယ်ပိုင်း-အနောက်ဥရောပ ၅ (SEA-ME-WE 5) ကို ချိတ်ဆက်ခဲ့ကြောင်း သိရသည်။(Xinhua)