Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရသော အထီးကျန်ဆင်ကြီး ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ Marghazar တိရစ္ဆာန်ရုံတွင် ဆင်ကြီးခတ်ဗင်းအား နိုဝင်ဘာ ၂၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင် ၊ ဒီဇင်ဘာ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ တိရစ္ဆာန်ရုံတစ်ခုတွင် ၃၅ နှစ်နီးပါးကြား အထီးကျန်စွာ နေထိုင်ခဲ့ရသည့် အာရှဆင်ကြီးတစ်ကောင်သည် စင်းလုံးငှား ကုန်တင် လေယာဉ်ဖြင့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန်နှင့်ပြောရေးဆိုခွင့်ရှိသူ Neth Pheaktra က ပြောကြားခဲ့သည်။

အသက် ၃၅ နှစ်အရွယ် ဆင်ထီးကြီး ခတ်ဗင်း(Kaavan) သည် ကမ္ဘောဒီးယားနိုင်ငံ ဆီယံရိဒ်ပြည်နယ် အနောက်မြောက်ပိုင်းရှိ Siem Reap အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ၎င်းအား နိုင်ငံမြောက်ပိုင်း Oddor Meanchey ပြည်နယ်တွင်တည်ရှိသော Kulen Prum Tep တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဘေးမဲ့တောသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း Pheaktra က ဆိုသည်။

ပါကစ္စတန်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ပြန်လည်ရောက်ရှိလာသော အထီးကျန်ဆင်ကြီးခတ်ဗင်းအား ဖနွမ်းပင်မြို့ရှိ ဆီယံရိဒ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုဝင်ဘာ ၃၀ ရက်က သံဃာတော်များ ကောင်းချီးမင်္ဂလာပြုလုပ်ပေးနေစဉ်(ဆင်ဟွာ)

“ ဆင်ကြီးခတ်ဗင်းကို ကမ္ဘောဒီးယားနိုင်ငံက နွေးထွေးစွာကြိုဆိုပါတယ်” ၊ “ သူဟာ ကမ္ဘာ့အထီးကျန်ဆုံး ဆင်ကြီးတစ်ကောင်အဖြစ် ဆက်ရှိနေတော့မှာမဟုတ်ပါဘူး” ဟု Pheaktra က သတင်းထောက်များအားပြောကြားခဲ့သည်။
ဆင်ကြီးအား လေဆိပ်တွင်သွားရောက်ကြိုဆိုခဲ့သည့် အတွင်းဝန် Pheaktra က ခတ်ဗင်းသည် ထိန်းသိမ်းစောင့်ရှောက်ရေးအနေအထားတစ်ခုဖြင့် မွေးရပ်မြေသို့တစ်ကျော့ပြန်ခြေချမိသည်နှင့်တစ်ပြိုင်နက် သူသည် ဘေးမဲ့တောထဲတွင် တစ်သက်လုံး ပျော်ရွှင်စွာ နေထိုင်ကျက်စားသွားလာခွင့် ရရှိတော့မည်ဖြစ်သည်ဟု ဆိုသည်။

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ Marghazar  တိရစ္ဆာန်ရုံတွင် ဆင်ကြီးခတ်ဗင်းအား နိုဝင်ဘာ ၂၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

“ ဆင်ကြီးခတ်ဗင်းဟာ သူ့ဘဝရဲ့ နေဝင်ချိန်တွေကို ကမ္ဘောဒီးယားနိုင်ငံသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ကမ္ဘောဒီးယားနိုင်ငံတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော(CWS) ရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ သဘာဝအလေ့အထအတိုင်း နေထိုင်သွားရတော့မှာဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ Marghazar  တိရစ္ဆာန်ရုံတွင် ဆင်ကြီးခတ်ဗင်းအား နိုဝင်ဘာ ၂၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ Marghazar  တိရစ္ဆာန်ရုံတွင် ဆင်ကြီးခတ်ဗင်းအား နိုဝင်ဘာ ၂၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံက ဆင်ကြီးခတ်ဗင်အား အမိမြေကမ္ဘောဒီးယားနိုင်ငံသို့ ပြန်သွားရန် ခွင့်ပြုခဲ့ပြီး ၎င်းသည် အစ္စလာမ်မာဘတ်မြို့ရှိတိရစ္ဆာန်ရုံတစ်ခုထဲတွင် နှစ်ပေါင်း ၃၅ နှစ်နီးပါးကြာ ထိန်းသိမ်းစောင့်ရှောက်နေထိုင်ခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သော မေလတွင် အစ္စလာမ်မာဘတ်မြို့ရှိ တရားရုံးချုပ်က ဆင်ကြီးခတ်ဗင်းအား ကမ္ဘောဒီးယားနိုင်ငံသို့ပြန်ပို့ရန် နှင့် သူ့ဘဝကျန်ရှိချိန်ကို ဘေးမဲ့တောထဲ ပျော်ရွှင်စွာ ဖြတ်သန်းခွင့်ပြုရန် ဆုံးဖြတ်သည့် အမိန့်တစ်ရပ် ချမှတ်ခဲ့သည်။
အာရှဆင်ကြီးမျိုးသည် သဘာဝတောရိုင်း ထိန်းသိမ်းစောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာသမဂ္ဂ(IUCN) ၏ မျိုးတုံးပျောက်ကွယ်ရန် အန္တရာယ်ရှိသော မျိုးစိတ်ဝင် တိရစ္ဆာန်အဖြစ် စာရင်းတွင် ထည့်သွင်းခြင်း ခံထားရသည်။
လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ အာရှဆင်ကြီး အကောင်ရေ ၄၀၀ မှ ၆၀၀ ကြား ရှိနေကြောင်း ၊ အများစုမှာ ကမ္ဘောဒီးယားတောင်တန်းများ နှင့် နိုင်ငံမြောက်ပိုင်းရှိ Mondulkiri နှင့် Rattanakiri ပြည်နယ်များတွင် နေထိုင် ကျက်စားလျက်ရှိ ကြောင်း Pheaktra ၏ ပြောကြားချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.