Asia
မလေးရှားဘုရင် ဆူလ်တန်မူဟာမက် ထီးနန်းစွန့်ကြောင်း ကြေညာ
ကွာလာလမ်ပူ ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)
မလေးရှားနိုင်ငံဘုရင်မင်းမြတ် ဆူလ်တန်မူဟာမက် V (Sultan Muhammad V) သည် နိုင်ငံ့ဦးသျှောင် အဖြစ် နှစ်နှစ်ကျော် ထီးနန်းစိုးစံခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်တွင် နန်းစွန့်သွားခဲ့ကြောင်း သိရသည်။
ထီးနန်းစွန့်ကြောင်း အသိပေးချက်ကို မလေးရှားနန်းတော်မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မူဟာမက်အနေဖြင့် မလေးရှားနိုင်ငံ ဘုရင့်ညီလာခံသို့စာတစ်စောင်ပေးပို့၍ မလေးရှားနိုင်ငံအတွင်းရှိ ဘုရင်ခံများကို ၎င်းရာထူးမှ အနားယူကြောင်းကို အသိပေးတင်ပြသွားမည်ဖြစ်သည်။
မလေးရှားနိုင်ငံတွင် အထူးအလှည့်ကျ ဘုရင့်အုပ်ချုပ်ရေး စနစ်အရ ဘုရင်သည် နိုင်ငံ၏အကြီးအကဲဦးသျှောင်ဖြစ်ကာ ၎င်းအား ရွေးကောက်တင်မြှောက်ရန် ဘုရင့်ညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပ၍ နိုင်ငံအတွင်းရှိ ပြည်နယ်ဘုရင်ခံများ(သို့မဟုတ်) ဆူလ်တန်စော်ဘွားများ ၉ ဦးထဲမှ တစ်ဦးကို ရွေးကောက် တင်မြှောက်ကြ ခြင်းဖြစ်သည်။
မူဟာမက် V သည် နိုင်ငံ့ဦးသျှောင်အကြီးအကဲရာထူးမှ အနားယူခဲ့ပြီးဖြစ်ကြောင်း ၊ ၎င်းသည် တိုင်းပြည်တည်ငြိမ်အောင် ထိန်းသိမ်းခဲ့သူ ၊ တရားမျှတမှုအတွက် ဆောင်ရွက်ခဲ့သူ ၊ မတူကွဲပြားသော နိုင်ငံသူနိုင်ငံသားများကို စည်းလုံးညီညွတ်အောင် ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထီးနန်းစွန့်သွားသော မလေးရှားဘုရင် ဆူလ်တန်မူဟာမက်V အားတွေ့ရစဉ်(ဆင်ဟွာ)
ထီးနန်းစွန့်သွားသော မလေးရှားဘုရင် ဆူလ်တန်မူဟာမက်V အားတွေ့ရစဉ်(ဆင်ဟွာ)
ထို့ပြင် ၎င်းက မလေးရှားနိုင်ငံဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့အား ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မူဟာမက် V သည် မည်သည့်အတွက်ကြောင့် နိုင်ငံဦးသျှောင်ရာထူးမှ နုတ်ထွက်သွားသည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိသော်လည်း ၎င်းအနေဖြင့် မွေးရပ်ဇာတိ၏ ပြည်နယ်ဘုရင်ခံအဖြစ်ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
မူဟာမက် V သည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် မလေးရှားနိုင်ငံ၏ ဘုရင်မင်းမြတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ သက်တော် ၄၉ နှစ်အရွယ်ရှိ ဘုရင်ကြီးသည် ရာထူးမှ နုတ်ထွက်ခြင်းမပြုမီ ပြီးခဲ့သော ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလတွင် ဆေးခွင့် နှစ်လ ယူခဲ့သေးကြောင်း သိရသည်။(Xinhua)