Asia
မဲခေါင် မြစ်ဝှမ်း ဒေသ မူးယစ် ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုအန္တရာယ် တားဆီးနှိမ်နင်းရေး မြန်မာ ၊ တရုတ် ၊ လာအို ၊ ထိုင်း လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများ ဆွေးနွေး
ရန်ကုန် ၊ မတ် ၃ ရက် (ဆင်ဟွာ)
မဲခေါင် မြစ်ဝှမ်း ဒေသ မူးယစ် ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုအန္တရာယ် တားဆီးနှိမ်နင်းရေးတွင် မြန်မာ ၊ တရုတ် ၊ လာအို ၊ ထိုင်း နိုင်ငံတို့ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများအား ၄ နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ကော်မရှင်များ နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) တို့ပါဝင်သော ကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မဲခေါင်မြစ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု အန္တရာယ် လေ့လာအကဲဖြတ်မှု အစီအစဉ်အရ မတ် ၁ ရက်တွင် တရုတ်နိုင်ငံ အမျိုးသား မူးယစ်ဆေးထိန်းချုပ်ရေး ကော်မရှင် ၊ လာအိုနိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (LCDC) ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (CCDAC) ၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) တို့ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံ ကျင်းဟုန်မြို့မှ ကင်းလှည့် သင်္ဘောဖြင့် မဲခေါင်မြစ်ကြောင်းအတိုင်း စုန်ဆင်းထွက်ခွာလာခဲ့ရာ ကျင်းဟုန်-ကျိုင်းဟုန် (လာအို)၊ ကျိုင်းလပ်မြို့ ၊ ဝမ်ကျင်းရေဆိပ် ၊ မိုင်းပါ လျှိုရေဆိပ် များသို့ ဖြတ်သန်းမောင်းနှင်ခဲ့ပြီး ဝမ်ပုံဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး တာချီလိတ်ခရိုင်အတွင်း ရဲလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဝမ်ပုံ ရေကြောင်း ရဲတပ်ဖွဲ့ခွဲရှိ အစည်းအဝေးခန်းမ၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုအစည်းအဝေးတွင် မဲခေါင်မြစ်ကြောင်း အခြေအနေနှင့် ဝမ်ပုံရေကြောင်း ရဲတပ်ဖွဲ့ခွဲ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ ၊ တာချီလိတ်ခရိုင် နယ်မြေအခြေအနေ၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်မှု အခြေအနေ၊ ဓာတုပစ္စည်းများ မဲခေါင်မြစ်ကြောင်းကို ဖြတ်သန်းပြီး သယ်ဆောင်ရာ လမ်းကြောင်းများ၊ အရှိန်အဟုန်မြှင့် ဖမ်းဆီးမှု များကြောင့် ပြောင်းလဲသယ်ဆောင်ရာ လမ်းကြောင်းများ၊ ထူးခြားဖြစ်စဉ် ဖမ်းဆီး ရမိမှုများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံနှင့် လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးအရဆွေးနွေး မှုများပြုလုပ်ပြီး တိုင်းရင်းသားများ အနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အစိုးရနှင့်အတူ အင်တိုက် အားတိုက် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများနှင့် ဘိန်းခင်း ဖျက်ဆီးမှု အခြေအနေ များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)