Asia
အိန္ဒိယနိုင်ငံရှိ တူးမြောင်းအတွင်း ထွန်စက်ပြုတ်ကျမှုကြောင့် အမျိုးသမီး ၉ ဦး သေဆုံး
နယူးဒေလီ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ တောင်ပိုင်း တယ်လန်ဂါနာပြည်နယ်ရှိ တူးမြောင်း တစ်ခုအတွင်းသို့ ဧပြီလ ၆ ရက်က လယ်ယာအလုပ်သမားများအား တင်ဆောင်လာသော ထွန်စက်တစ်စီး လမ်းမမှချော်ကျကာ တူးမြောင်းအတွင်းသို့ ပြုတ်ကျသွားခဲ့ပြီး အနည်းဆုံး အမျိုးသမီး ၉ ဦး သေဆုံး၍ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
အဆိုပါ ထွန်စက်သည် တယ်လန်ဂါနာပြည်နယ် မြို့တော် Hyderabad ၏ အရှေ့တောင်ဘက် ၁၂၈ ကီလိုမီတာအကွာရှိ နယ်လ်ဂွန်ဒါခရိုင် ဝတ်ဒီပတ်လာကျေးရွာအနီး Alimineti Madhava Reddy စီမံကိန်း တူးမြောင်းအတွင်းသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီမနက်ဖြစ်ခဲ့တဲ့ ကြောက်မက်ဖွယ် ထရပ်ကားပေါ်မှာ လယ်ယာလုပ်ကိုင်သူ ၃၀ ဦးကျော်ပါပြီး အများစုက အမျိုးသမီးတွေပါ” ဟု ရဲအရာရှိ ရမ်မာရတ်ဒီက ဆင်ဟွာသို့ တယ်လီဖုန်းကတစ်ဆင့် ပြောကြားခဲ့သည်။
“ဆယ်ယူရရှိတဲ့ အလောင်း၉ ခုမှာ အမျိုးသမီးတွေချည်းပါပဲ။ ကျန်တဲ့သူတွေကိုလည်း ဆယ်တင်နိုင်ခဲ့ပြီး နီးစပ်ရာ ဆေးရုံကို ပို့ထားတယ်” ဟု ၎င်းက ဆိုသည်။
တာဝန်ရှိသူများ၏ အဆိုအရ လယ်ယာလုပ်သားများသည် နေ့စဉ်အလုပ်လုပ်ရန် Pulicherla ကျေးရွာသို့ သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကနဦး သတင်းများအရ ထွန်စက်မောင်းသူမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီး တူးမြောင်းအတွင်းသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)