Connect with us

Australia / Oceania

တောမီးများ အလွန်ဆိုးရွားစွာ လောင်ကျွမ်းနေမှုကြောင့် ဩစတြေးလျနိုင်ငံ၌ အရေးပေါ်အခြေအနေကြေညာ

ဩစတြေးလျနိုင်ငံ၌ တောမီးများအကြီးအကျယ်လောင်ကျွမ်းနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဆစ်ဒနီ ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အလွန်ဆိုးရွားပြင်းထန်သော တောမီးများအကြီးအကျယ်လောင်ကျွမ်းနေမှုကြောင့် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံး ဆစ်ဒနီမြို့အပါအဝင်နိုင်ငံ အရှေ့ပိုင်းနယူးဆောက်ဝေးပြည်နယ်ကို  နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။

ပူပြင်းခြောက်သွေ့မှု နှင့် လေပြင်းများ တိုက်ခိုက်နေမှုကြောင့် တောမီးမှာ ဆက်လက်ကြီးထွားလာခဲ့သဖြင့် နယူးဆောက်ဝေးပြည်နယ်အစိုးရက နိုဝင်ဘာ ၁၁ ရက်တွင် အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်ကြောင်း နှင့် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း လူသုံးဉီးထိ သေဆုံးခဲ့ရပြီးဖြစ်ရာ တောမီးမှာ အဆိုးရွားဆုံးအနေအထားသို့ ခြိမ်းခြောက်နေကြောင်း သိရသည်။

ဆစ်ဒနီမြို့ နှင့်အနီးအနား ဖြစ်သော Hunter ၊ Illawaarra/Shoalhaven စသည့်ဒေသများ၌ နိုဝင်ဘာ  ၁၂ ရက်တွင် ဆိုးရွားသော တောမီးအန္တရာယ်တစ်ခု ကျရောက်လာမည်ဖြစ်ကြောင်း သတိပေးထားပြီး ၊ ဆစ်ဒနီမြို့သည် ၂၀၀၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး တောမီးအန္တရာယ်ခြိမ်းခြောက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ပြည်နယ်ဟာ တောမီးလောင်ကျွမ်းမှုကို အဆိုးရွားဆုံးခံစားနေရပါတယ် ။ လူသုံးယောက်သေဆုံးပြီး အဆောက်အဉီ အလုံးပေါင်း ၁၅၀ ပျက်စီးသွားတယ်” ဟု နယူးဆောက်ဝေးပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က ဆိုသည်။

“ ရာသီဉတုပူပြင်းတာရယ် လေပြင်းတိုက်ခတ်တာရယ်ကြောင့် ဒီရက်သတ္တပတ် အထူးသဖြင့် နိုဝင်ဘာ ၁၂ ရက်မှာ တောမီးအန္တရာယ်ကို အဆိုးရွားဆုံးခံစားရမယ်။ မီးသတ်ကော်မရှင်နာမင်းကြီးဆီက အကြံဉာဏ်တောင်းခံဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပြီး အခုလို အရေးပေါ်အခြေအနေလိုက်တာပါ” ဟူ၍ ၎င်းကဆိုသည်။

အရေးပေါ်အခြေအနေမှာ ၇ ရက်ကြာမြင့်မည်ဖြစ်ကြောင်း နှင့် လုပ်ပိုင်ခွင့်များကို နယူးဆောက်ဝေးအစိုးရထံမှ ကျေးလက်မီးသတ်တပ်ဖွဲ့(RFS) ကော်မရှင်နာမင်းကြီးထံ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တောမီးငြှိမ်းသတ်ရန်အတွက် မီးသတ်သမား ၁၀၀၀ နှင့် မီးသတ်လေယာဉ် အစင်း ၇၀ အသုံးပြု၍ ကြိုးပမ်း လုပ်ဆောင်နေကြောင်း သိရသည်။(Xinhua)