Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံက တောမီးငြှိမ်းသတ်ရန် စစ်သားများ စေလွှတ်

အင်ဒိုနီးရှားနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် တောမီးလောင်မှုကြောင့် ဆူမတြားကျွန်းနှင့် ကာလီမန်တန်ကျွန်းများတွင် လေဆိပ်များနှင့် စာသင်ကျောင်းများ ပိတ်ထားရသောကြောင့် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိသော ဆူမတြားကျွန်းသို့ တပ်ဖွဲ့ဝင်အင်အား ၁၀၀ တပ်ဖြန့်ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း တောမီးလောင်မှုဖြစ်ပွားသည့် အရေးကြီးသောနေရာ ၅,၀၇၁ ခု၌ မီးငြှိမ်းသတ်ရန် ရေတန်ပေါင်းများစွာဖြင့် လောင်းချခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အားဂတ်စ်ဝီဘိုဝူ (Agus Wibowo) က စက်တင်ဘာလ ၁၄ ရက်တွင် ပြောခဲ့သည်။

လက်ရှိတွင် စစ်သား၊ ရဲတပ်ဖွဲ့၊ သဘာဝဘေးအေဂျင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံများအပါအဝင် အင်အား ၁၀,၀၀၀ နီးပါး ပါဝင်ကာ မီးငြှိမ်းသတ်လျက်ရှိကြောင်း အားဂတ်စ်က ဆိုသည်။

“(မီးလောင်မှု အဆိုးရွားဆုံးဖြစ်သည့်နယ်မြေများ) မှာ အကြိမ်ပေါင်းများစွာ ရေလောင်းချခဲ့ပေမဲ့ မီးကတော့ ဆက်ပြီးလောင်ကျွမ်းနေဆဲပါပဲ။ သို့သော်လည်း တပ်ဖွဲ့ဝင်တွေကတော့ အရှုံးပေးမှာမဟုတ်ပါဘူး” ဟု အားဂတ်စ်က ဆင်ဟွာအား စာဖြင့်ပြောကြားခဲ့သည်။ စက်တင်ဘာလ ၁၄ ရက်က မီးလောင်မှုဆိုးရွားသည့် တချို့နေရာများ၌ မိုးရွာသွန်းမှုများရှိသဖြင့် မီးလောင်မှုအား ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

တောမီးကြောင့် ထွက်ရှိလာသည့် မီးခိုးမြူများကြောင့် ကာလီမန်တန်ကျွန်းတွင် မြင်ကွင်းဝေဝါးနေသည့်အတွက် လေဆိပ်များ ပိတ်လိုက်ရကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် စိုက်ပျိုးသူများက မီးရှို့ကာ စိုက်ပျိုးမြေသစ်ဖော်ခြင်းကြောင့် တောမီးလောင်ကျွမ်းမှု မကြာခဏဖြစ်ပေါ်လေ့ရှိသည်။ သို့သော် တောမီးသည် အထူးသဖြင့် ခြောက်သွေ့သောရာသီတွင် မကြာခဏ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်ကာ အိမ်နီးချင်းနိုင်ငံများထံ မီးခိုးမြူများ ပျံ့နံှ့သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)