Europe
ပျက်ကျ အီဂျစ်လေယာဉ် အစိတ်အပိုင်းများ တွေ့ရှိခဲ့သည့် နေရာ၌ ရှာဖွေရေး သင်္ဘောများ ထောက်ပံ့
ကိုင်ရို၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
မြေထဲပင်လယ်အတွင်း မကြာမီက ပျက်ကျခဲ့သည့် အီဂျစ်လေကြောင်းလိုင်း ပျံသန်းရေး ခရီးစဉ်အမှတ် MS804 လေယာဉ်အား ရှာဖွေရန် အီဂျစ်အစိုးရက ငှားရမ်းခဲ့သော ရှာဖွေရေးသင်္ဘောက လေယာဉ်ပျက်ကျ အစိတ်အ ပိုင်းများစွာ၏ တည်နေရာများကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း အီဂျစ် လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ကော်မတီက အစီရင်ခံတစ်ခု၌ ဇွန်လ ၁၅ ရက်က ပြောကြားထားသည်။
“အပျက်အစီး တည်နေရာတွေကို အခြေခံပြီး ရှာဖွေရေးအဖွဲ့နဲ့ သင်္ဘောပေါ်ပါ စုံစမ်းဖော်ထုတ်သူတွေက အပျက်အစီး အစိတ်အပိုင်းများ ပျံ့နှံ့နေနိုင်တဲ့ မြေပုံတစ်ခုလဲ ဆွဲထားပါတယ်” ဟု အဆိုပါ ကော်မတီက ကြေညာချက်၌ ပြောကြားထားသည်။
အီဂျစ်လေကြောင်းလိုင်း ခရီးစဉ်အမှတ် MS804 ဖြင့် ပျံသန်းသည့် Airbus A320 သည် မေလက လူပေါင်း ၆၆ ဦး တင်ဆောင်လျက် ပြင်သစ်မှ ကိုင်ရိုသို့ ခရီးစဉ်အတိုင်း ပျံသန်းနေစဉ် ရေဒါစနစ်မှ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ခရီးသည်များပိုင် ပစ္စည်းအချို့နှင့် လေယာဉ်၏ အစိတ်အပိုင်း တချို့အား အလက်ဇန်းဒရီးယား ဆိပ်ကမ်းမြို့ မြောက်ဘက် ကီလိုမီတာ ၂၉၀ အကွာရှိ မြေထဲပင်လယ်ထဲတွင် တွေ့ရှိခဲ့ကြောင်း အီဂျစ် စစ်တပ် က ကြေညာခဲ့သည်။
အီဂျစ် စုံစမ်းစစ်ဆေးရေး ကော်မတီက အရေးပေါ်အစည်းအဝေး တစ်ခု ကျင်းပခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ အပျက်အစီးများအား မည်သို့ ကိုင်တွယ်မည်နည်းဟူသည့် နည်းလမ်းသစ်များအား ရှာဖွေခဲ့ကြသည်။
အဆိုပါ လေယာဉ် ပျက်ကျရခြင်း အကြောင်းရင်းဖြစ်နိုင်သည့် အကြမ်းဖက် ဗုံးဖောက်ခွဲခြင်းနှင့် နည်းပညာ ချို့ယွင်းမှုများ အပါအဝင် သက်သေပြနိုင်ရန် နည်းလမ်းမျိုးစုံအား စုံစမ်းနေဆဲဖြစ်သော်လည်း ခိုင်မာသည့် သဲလွန်စ တစ်စုံတစ်ရာ ရှာမတွေ့သေးပေ။ (Xinhua)