Europe
ပြင်သစ် ရဲတပ်ဖွဲ့ဝင်တစ်ဦး အိုင်အက်စ်အဖွဲ့နှင့် ဆက်နွယ်မှုရှိသူ တစ်ဦး၏ သတ်ဖြတ်ခြင်း ခံရ
ပါရီ ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပါရီမြို့ အနောက်ဖက်ပိုင်းရှိ Magnanville ၌ အိုင်အက်စ် (IS) အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်မှု ရှိသူတစ်ဦး၏ လက်ချက်ဖြင့် ဇွန်လ ၁၃ ရက် ညပိုင်းက ရဲအရာရှိ တစ်ဦး သတ်ဖြတ်ခံရကြောင်း ပြည်တွင်း မီဒီယာက သတင်း ဖော်ပြသည်။
အဆိုပါရဲအရာရှိနှင့် အတူ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည့် (ဇနီးသည်) လည်း အိမ်တွင်း၌ သတ်ဖြတ် ခံရခဲ့ရကြောင်း သိရသည်။ အိုင်အက်စ် အဖွဲ့နှင့် ဆက်နွယ်မှုရှိသည့် IS fighter အဖွဲ့က ၎င်းတို့လက်ချက် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာထားသည်။
ရဲတပ်ဖွဲ့ဇနီးမောင်နှံ၏ သုံးနှစ်အရွယ် ကလေးငယ်မှာလည်း တိုက်ခိုက်ခံရသည့် ဒဏ်ရာများကြောင့် ဆေးရုံ တင်ထားရကြောင်း သိရသည်။ အသက် ၄၂ နှစ်အရွယ်ရှိ ရဲအရာရှိသည် ဒေသစံတော်ချိန် နံနက် ၂ နာရီခွဲ ခန့်တွင် နေအိမ်အပြင်ဖက်၌ ရှိနေစဉ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် တိုက်ခိုက်ခံရချိန်တွင် သာမန် အရပ်ဝတ်ကိုသာ ဝတ်ဆင်ထားကြောင်း သိရသည်။
သတ်ဖြတ်မှု အပြီးတွင် လူသတ်သမားသည် ရဲအရာရှိ အိမ်တွင်း ဝင်ရောက်၍ ပုန်းခိုနေခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Pierre-Henry ကဆိုသည်။ အခင်းဖြစ်ပြီး တစ်နာရီခွဲခန့်တွင် RAID အထူး ရဲတပ်ဖွဲ့သည် နေအိမ်ကို ဝန်းရံထားကြောင်း ၊ အကြမ်းဖက်သမားနှင့် ညှိနှိုင်းမှု မအောင်မြင်သဖြင့် အထူး ရဲတပ်ဖွဲ့ဝင်များသည် အိမ်ထဲသို့ထိုးဖောက် ဝင်ရောက်ခဲ့ရကြောင်း သတင်းများက ဆိုသည်။
အကြမ်းဖက်မှု ဖြစ်ပွားချိန်တွင် ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ယူရို ၂ဝ၁၆ ပြိုင်ပွဲ ကျင်းပချိန်နှင့် တိုက်ဆိုင်မှု ရှိနေသည်။ ပြင်သစ်နိုင်ငံသမ္မတ Francois Hollande က အကြမ်းဖက်မှုကို ပြင်းထန်စွာ ရှုံ့ချကြောင်း နှင့် ထိတ်လန့်ချောက်ချား ကြေကွဲစရာ အဖြစ်အပျက်တစ်ခု ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ (Xinhua)