Connect with us

Europe

ဗီယင်နာတိုက်ခိုက်မှုတွင် ၃ ဦးသေဆုံး ၊ ၁၅ ဦး အပြင်းအထန်ဒဏ်ရာရကြောင်း ရဲတပ်ဖွဲ့အတည်ပြု

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ လမ်းမပေါ်၌ နိုဝင်ဘာ ၂ ရက် ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်( ဓာတ်ပုံ- Georges Schneider/Xinhua)

ဗီယင်နာ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာမြို့၌ နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုများအတွင်း လူ ၃ ဦးသေဆုံးပြီး အခြား ၁၅ ဦး စိုးရိမ်ဖွယ် အပြင်းအထန် ဒဏ်ရာရ ရှိခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ ၊ ဥရောပကောင်စီ ၊ ဥရောပကော်မရှင် အပါအဝင် အီးယူအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက အသီးသီး ပြစ်တင်ရှုတ်ချခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဗင်ယင်နာမြို့တိုက်ခိုက်မှုများအတွင်း အသက် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲကြောင်းပြောကြားခဲ့ပြီး တိုက်ခိုက်မှုအပေါ်ပြစ်တင်ရှုတ်ချခဲ့သည်ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

 ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ လမ်းမပေါ်၌ နိုဝင်ဘာ ၂ ရက် ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်( ဓာတ်ပုံ- Georges Schneider/Xinhua)

ထို့ပြင် ဥရောပကောင်စီ ဥက္ကဌ Charles Michel က “ ဥရောပအနေနဲ့ လူသားတွေရဲ့အသက်ကိုတန်ဖိုးထားပြီး အခုလို သူရဲဘောကြောင်တဲ့ သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချပါတယ်” ဟု ၎င်း၏တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။ “ ဩစတြီးယားနိုင်ငံနဲ့အတူ ကျွန်တော်တို့ရပ်တည်ပါတယ်” ဟူ၍လည်း ဖြည့်စွက်ဖော်ပြထားသည်။
ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen က “ ဥရောပဟာ ဩစတြီးယားနဲ့အတူ အပြည့်အဝ စည်းလုံးညီညွတ်စွာ ရပ်တည်ပါတယ်၊ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားနဲ့အမုန်းတရားဖြန့်ဖြူးနေသူတွေထက်ပိုပြီး ခိုင်မာသန်စွမ်းပါတယ် ” ဟူ၍ ပြောကြားခဲ့သည်။

 ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ လမ်းမပေါ်၌ နိုဝင်ဘာ ၂ ရက် ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်( ဓာတ်ပုံ- Georges Schneider/Xinhua)

ဩစတြီးယားနိုင်ငံဝန်ကြီးချုပ် Sebastian Kurz က ဩစတြီးယားနိုင်ငံမြို့တော်မှာ လုပ်ဆောင်ခဲ့တဲ့ “ ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုပါပဲ ” ဟူ၍ ပြစ်တင်ရှုတ်ချခဲ့သလို ကျူးလွန်သူများအား “ ထိထိရောက်ရောက် အရေးယူသွားပါမယ် ” ဟူ၍လည်း ကတိပြုပြောကြားခဲ့သည်။

ထို့ပြင် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန်က ဗီယင်နာမြို့တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ “ပြင်သစ်နိုင်ငံပြီးနောက် ဒါဟာ ကျွန်တော်တို့ရဲ့မိတ်ဆွေနိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရမှုပါပဲ ၊ ဒါဟာ ကျွန်တော်တို့ရဲ့ ဥရောပတိုက်ပါ ၊ ကျွန်ုပ်တို့ရန်သူတွေ သိရစေလိမ့်မယ် ၊ သူတို့ဘယ်သူတွေနဲ့ ရင်ဆိုင်နေလဲဆိုတာ ၊ ကျွန်တော်တို့ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး” ဟူ၍ ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အီတလီနိုင်ငံဝန်ကြီးချုပ် Giuseppe ကလည်း “ အမုန်းတရားဖြန့်ဖြူးသူတွေနဲ့ အကြမ်းဖက်မှုကျူးလွန်သူတွေအတွက် ကျွန်တော်တို့ရဲ့ ဥရောပမြေပေါ်မှာ နေစရာမရှိပါဘူး ” ဟူ၍ ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ဗီယင်နာအကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲကြောင်း ယနေ့ နိုဝင်ဘာ ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ဩစတြီးယားနိုင်ငံရဲတပ်ဖွဲ့က တိုက်ခိုက်မှုများအတွင်း လူ ၃ ဦးသေဆုံးပြီး အခြား ၁၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း တွစ်တာလူမှုကွန်ရက်မှတဆင့် အတည်ပြုခဲ့သည်။ ယင်းတိုက်ခိုက်မှုကျူးလွန်သူများအနက် တစ်ဦးကို ရဲတပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း နှင့် အပြင်းအထန်ဒဏ်ရာရရှိသူများထဲတွင် ရဲအရာရှိတစ်ဦးလည်းပါဝင်ကြောင်း ဗီယင်နာရဲတပ်ဖွဲ့ (LPD Wien) ၏တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။

ဗီယင်နာမြို့လယ်ရှိ နေရာ ၆ ခု၌ နိုဝင်ဘာ ၂ ရက် ညနေပိုင်းတွင် သေနတ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမားများသည် ရိုင်ဖယ်သေနတ်များကို အသုံးပြုခဲ့ကြောင်းရဲတပ်ဖွဲ့က ဆိုသည်။ဩစတြီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Karl Nehammer က အကြမ်းဖက်သမားများသည် နေရာအနှံ့အပြား၌ ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ယင်းမှာ အကြမ်းဖက်မှုတစ်ခုဖြစ်ကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.