Connect with us

Europe

ယူကရိန်းလေယာဉ်ပျက်ကျမှုအတွက် တာဝန်ရှိသူများအား အပြစ်ပေးမည်ဟု အီရန်ကတိပြု

အီရန်နိုင်ငံက မှားယွင်းပစ်ချလိုက်သည့် ယူကရိန်းလေယာဉ်အပျက်အစီးပုံအား ရှင်းလင်းစဉ်(ဆင်ဟွာ)

ကိဗ် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံသမ္မတဟန်ဆန်ရိုဟန်နီက ယူကရိန်းလေယာဉ်ပစ်ချခံရမှုအပေါ် တောင်းပန်ကြောင်း နှင့် ယင်းကြေကွဲဖွယ် ဖြစ်ရပ်အတွက် တာဝန်ရှိသူ တစ်ဦးချင်းအား အရေးယူ အပြစ်ပေးသွားမည်ဖြစ်ကြောင်းကတိပြုခဲ့သည်ဟု ယူကရိန်းနိုင်ငံ သမ္မတ၏ သတင်းပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ကြောညာခဲ့သည်။

အီရန်နိုင်ငံသမ္မတ နှင့် ဆွေးနွေးခဲ့ပြီးနောက်တွင် ယူကရိန်းသမ္မတ Volodymyr Zelensky က ၎င်း၏ တွစ်တာလူမှုကွန်ရက်ပေါ်မှတစ်ဆင့် “လမ်းကြောင်းမှန်ပေါ်ပျံသန်းနေရင်း လေယာဉ်ပစ်ချခံရတာကို အီရန်ဘက်က အသိအမှတ်ပြုတယ်” ဟု ရေးသားဖော်ပြခဲ့သည်။“ သေဆုံးသူတွေရဲ့ရုပ်အလောင်း ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်အောင် ချက်ချင်းလုပ်ဖို့ နဲ့ သူတို့ကို ယူကရိန်းနိုင်ငံ ပြန်ပို့ဖို့ ကျနော် တိုက်တွန်းပါတယ်” ဟု Zelensky က ဆိုသည်။ “ ကျူးလွန်ခဲ့သူတွေက တာဝန်ယူရမှာပါ။ ရှေ့ဆက်ဉပဒေကြောင်းအရ နဲ့ နည်းပညာကြောင်းအရ ပူးပေါင်းဆောင်ရွက်မှုလုပ်သွားဖို့ မျှော်လင့်ပါတယ် ” ဟု ၎င်းက ဆက်ပြောကြားခဲ့သည်။

အီရန်နိုင်ငံသမ္မတက လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် ပါဝင်လုပ်ဆောင်ခဲ့သည့် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း တာဝန်ခံရမည်ဖြစ်ကြောင်း နှင့် ယူကရိန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များအနေဖြင့် ဉပဒေကြောင်းအရ နှင့် နည်းပညာပိုင်းအရ ထိရောက်သောပူးပေါင်းဆောင်ရွက်မှုအတွက် လိုအပ်သော ထောက်ပံ့ကူညီမှုအားလုံးကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သေဆုံးသွားသည့် ယူကရိန်းနိုင်ငံသားများ၏ ရုပ်အလောင်းများကို ဖြစ်နိုင်သမျှ စောလျှင်စွာ နေရပ်တိုင်းပြည်ပြန်ပို့နိုင်ရန် ၎င်းအမိန့်ပေးထားကြောင်း ရိုဟန်နီက ဆိုသည်။ရိုဟန်နီက ယူကရိန်းလေယာဉ်ပျက်ကျမှုသည် လူသားအမှားကြောင့် ရည်ရွယ်ချက်မရှိဘဲ အီရန်လက်နက်ကိုင်တပ်ဖွဲ့၏ ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ခရီးသည် ၁၆၇ ဦး နှင့် လေယာဉ်အမှုထမ်း ကိုးဦး လိုက်ပါလာသော ယူကရိန်းလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်သည် ဇန်နဝါရီ ၈ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့ မှ ယူကရိန်းနိုင်ငံ ကိဗ်မြို့သို့ ဦးတည်ပျံတက်စဉ် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။(Xinhua)