Europe
ဆီးရီးယား အမျိုးသမီးတစ်ဦးနှင့် သမီး၂ဦးအား ရေခဲသေတ္တာအတွင်း ၌ သေဆုံးလျက်တွေ့ရှိ
ဒိန်းမတ်၊ နိုဝင်ဘာ ၁ရက် (ဆင်ဟွာ)
ဒိန်းမတ်နိုင်ငံ Jutland ကျွန်းဆွယ် တွင် အောက်တိုဘာ ၃၀ရက် က အသက် ၂၇နှစ်အရွယ် ဆီးရီးယား အမျိုးသမီးတစ်ဦး နှင့် ၎င်း၏ သမီး နှစ်ဦးအား ရေခဲသေတ္တာတစ်ခုအတွင်း သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း ရဲသတင်းရင်းမြစ်များကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက အောက်တိုဘာ၃၁ရက်တွင်ဖော်ပြခဲ့သည်။
Jutland တောင်ပိုင်း ရဲတပ်ဖွဲ့ က အဆိုပါ ဖြစ်စဉ် အား စုံစမ်းစစ်ဆေးနေပြီး သံသယဖြစ်ဖွယ် သေဆုံးသူ အမျိုးသမီး၏ ခင်ပွန်းအား လိုက်လံရှာဖွေနေကြောင်း ဒိန်းမတ်နေ့စဉ် သတင်းစာ The Copenhagen Post ကဖော်ပြခဲ့သည်။
သေဆုံးသူ အမျိုးသမီး၏ ခင်ပွန်းသည် သေဆုံးသွားသည့် အသက် ၇နှစ် နှင့် ၉နှစ်အရွယ် ကလေးနှစ်ဦး၏ ဖခင်လည်းဖြစ်ကြောင်း နှင့် ယင်း ဖြစ်စဉ် သည် မိသားစုအတွင်း ဝမ်းနည်းကြေကွဲဖွယ် ဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့သည်။
သတင်းစာ၏ ဖော်ပြချက်အရ သေဆုံးသူ အမျိုးသမီး နှင့် ၎င်း၏ သမီး ၂ဦးအား အောက်တိုဘာ ၂၆ (သို့) ၂၇ တွင် အသက်ရှင်လျက် နောက်ဆုံး မြင်တွေ့ခဲ့ရကြောင်း နှင့် အဆိုပါ အမျိုးသမီးအား ရက်ပေါင်းများစွာ အဆက်အသွယ်ပြုလုပ်၍ မရသောကြောင့် နောက်ပိုင်းတွင် ၎င်း၏ ဆွေမျိုးတစ်ဦးက ရဲတပ်ဖွဲ့သို့ အကြောင်း ကြား ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အသတ်ခံရသည့် အချိန် နှင့် မည်သို့ အသတ်ခံရသည် ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ယင်းမိသားစုသည် ဒိန်းမတ်နိုင်ငံသို့ ၂၀၁၅ခုနှစ် နွေရာသီတွင် ရွှေ့ပြောင်း ဒုက္ခသည်အဖြစ်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၅ခုနှစ် တွင် လူပေါင်း ၂၁,၀၀၀ ဒိန်းမတ်နိုင်ငံသို့ ခိုလှုံရန် ပြောင်းရွှေ့လာကြကြောင်း သိရသည်။ (Xinhua)