Europe
အမေရိကန်က ပိုလန်တွင်အမြဲစစ်အခြေစိုက်စခန်းထားရှိခြင်းသည် ရုရှား၏လုံခြုံရေးကို ထိခိုက်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆို

Vladivostok ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)
အမေရိကန်က ပိုလန်တွင် အမြဲတမ်းစစ်အခြေစိုက်စခန်းထားရှိခြင်းသည် ရုရှားကို ဦးတည်သည့် လုပ်ဆောင်မှု ဖြစ်သောကြောင့် ရုရှား၏လုံခြုံရေးကို ထိခိုက်စေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Alexander Grushko သည် စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်က ပိုလန်တွင် စစ်အခြေစိုက်စခန်းထားရှိပါက ရုရှားနှင့် နေတိုးအကြား လက်မှတ်ရေးထိုး ထားသည့် သဘောတူညီချက်ကို ဖောက်ဖျက်ရာရောက်ကြောင်း Rossiya Segodnya ရုရှားသတင်း မီဒီယာက Alexander Grushko၏ ပြောဆိုချက်အား ကိုးကားဖော်ပြထားသည်။
Alexander Grushko က အမေရိကန်သည် ပိုလန်တွင် စစ်အခြေစိုက်စခန်းထားရှိပါက ဥရောပတိုက် ဒေသများ ၏လုံခြုံရေးအခြေအနေကို ဆိုးဝါးစေမှာသာဖြစ်ပြီး ရန်လိုသည့် နိုင်ငံရေးမူဝါဒ ဖြန့်ချိမှုများ၊ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားလာနိုင်ပြီး လက်နက်ရေးရာပြိုင်ဆိုင်မှုသံသရာတွင် တဝဲလည်လည် ဖြစ်စေနိုင် ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၈ ရက်က ပိုလန်နိုင်ငံ သမ္မတ Andrzej Duda ဝါရှင်တန်သို့ သွားရောက်ပြီး အမေရိကန်သမ္မတ ထရန့် နှင့်တွေ့ဆုံရာတွင် ပိုလန်၌ အမေရိကန် အမြဲတမ်းစစ်အခြေစိုက်စခန်း ထားရှိရန် မျှော်လင့်သည်ဟု ထပ်မံပြောကြားခဲ့ရာ ထရန့်က ၎င်း အဆိုကို အလေးအနက်စဉ်းစားမည် ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
၁၉၉၉ခုနှစ်တွင် နေတိုးအဖွဲ့ဝင်ပြီးနောက် ပိုလန်သည် မိမိနိုင်ငံအတွင်း အမေရိကန် စစ်အခြေစိုက် စခန်းထားရှိ ရန် အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် Crimeaက ရုရှားနှင့် ပေါင်းစည်းပြီးနောက် ပိုလန်၏ ထိုတောင်းဆိုချက်များက ပိုမိုခိုင်မာလာကြောင်း သိရသည်။ (Xinhua)