Europe
၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံပေါင်း ၂၀ တွင် သတင်းစာဆရာ ၃၈ ဦးအသတ်ခံခဲ့ရ
ဂျီနီဗာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ နိုင်ငံပေါင်း ၂၀ ၌ သတင်းစာဆရာ ၃၈ ဦးအသတ်ခံခဲ့ရကြောင်း ဂျီနီဗာအခြေစိုက် Press Emblem Campaign (PEC) က ဇူလိုင်လ ၄ ရက်တွင်ပြောကြားခဲ့သည်။
အဆိုပါ စာရင်းမှာ ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်း ကျဆင်းသွားသည်ကို ပြသထားသည်။ ထိုသို့လျော့ကျမှုအား PEC က အပြုသဘောဆောင်သော တိုးတက်မှုအဖြစ် အသိအမှတ်ပြုထားသော်လည်း ခြောက်လအတွင်း သတင်းစာဆရာ ၉ ဦးသေဆုံးခဲ့သည့် မက္ကဆီကိုနိုင်ငံနှင့် သတင်းစာဆရာ ၉ ဦးသေဆုံးခဲ့သည့် အာဖဂန်နစ္စတန်နိုင်ငံတို့အတွက်မူ အလွန်စိုးရိမ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
မီဒီယာဝန်ထမ်းများ သေဆုံးမှုမြင့်မားခြင်းအတွက် အဓိကတာဝန်ရှိသူများမှာ အာဖဂန်နစ္စတန်နိုင်ငံရှိ အကြမ်းဖက်အုပ်စုနှင့် မက္ကဆီကိုနိုင်ငံရှိ ပြစ်မှုကျူးလွန်သောအဖွဲ့များဖြစ်ကြောင်း PEC က ဖော်ပြထားသည်။
ဒေသအားဖြင့် ပြောရမည်ဆိုပါက လက်တင်အမေရိကတိုက်မှာ သတင်းစာဆရာ သေဆုံးသူ ၁၅ ဦးရှိပြီး သတင်းစာဆရာအများဆုံး သေဆုံးခဲ့သည့် တိုက်ကြီးဖြစ်သည်။ ယင်းမှာ ဆီးရီးယားနိုင်ငံနှင့် အီရတ်နိုင်ငံတို့တွင် ပဋိပက္ခလျော့ကျမှုကြောင့် အရှေ့အလယ်ပိုင်းဒေသ၌ သတင်းစာဆရာသေဆုံးမှုလျော့ကျလာသည့်တိုးတက်မှု တစ်ခုလည်း ဖြစ်သည်။
ထို့ပြင် PEC က မနှစ်ကချမှတ်ထားသည့် ပန်းတိုင်တစ်ခုဖြစ်သော ကမ္ဘာတစ်ဝန်းရှိ မီဒီယာဝန်ထမ်းများအကြား သေဆုံးသူ အနည်းဆုံး ထက်ဝက်လျော့ကျရန် သတင်းစာဆရာများ ဘေးကင်းရေးကိစ္စအား ဆက်လက်လုပ်ဆောင်ရန် အစိုးရများ၊ အသင်းအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများအား တိုက်တွန်းပြောကြားလိုက်သည်။
နိုင်ငံတကာသတင်းစာဆရာများအုပ်စုတစ်စုက ၂၀၀၄ ခုနှစ် ဇွန်လတွင် တည်ထောင်ခဲ့သည့် PEC သည် ကုလသမဂ္ဂအဆင့် အထူးအတိုင်ပင်ခံ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ပဋိပက္ခဇုန်များ၊ အရပ်ဘက်မငြိမ်သက်မှုနယ်မြေများ သို့မဟုတ် အန္တရာယ်ရှိသောလုပ်ငန်းများရှိ သတင်းစာဆရာများအား ဥပဒေအရ ကာကွယ်မှုနှင့် ဘေးကင်းမှု ခိုင်မာစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ (Xinhua)