Connect with us

Europe

ရုရှားနိုင်ငံ အလယ်ပိုင်းတွင် ဆီတင်ယာဉ်ပေါက်ကွဲမှုဖြစ်ပွား ၊ လူ ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် အရေးပေါ်လူနာတင်ယာဉ်တစ်စီးအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံအလယ်ပိုင်း Sverdlovsk Oblastပြည်နယ်တွင် ဇူလိုင် ၇ ရက်က ဆီတင်ယာဉ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားရာ လက်ရှိတွင် သေဆုံးသူ ၄ ဦး ၊ ဒဏ်ရာရသူ ၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

လောင်စာဆီ လီတာ ၅၀၀ တင်ဆောင်လာသော ဆီတင်ယာဉ်တစ်စီးသည် ဇူလိုင် ၇ ရက် ဒေသစံတော်ချိန် ၀၀ နာရီ ၁၅ မိနစ်ခန့်က Sverdlovsk Oblastပြည်နယ် မြောက်ပိုင်း Karpinskမြို့ အနီးရှိ တောင်တက်လမ်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအရာရှိတစ်ဦး၏ပြောကြားချက်ကို ရုရှားမီဒီယာများက ကိုးကားဖော်ပြထားသည်။ အဆိုပါ ဆီတင်ယာဉ်သည် ခရီးသည် တရားမဝင် တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို့ ထိုးကျကာ မီးလောင်ပေါက်ကွဲခဲ့ရာ လိုက်ပါစီးနင်းသူ ခရီးသည် ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းမှာ အရက်မူးမောင်းနှင်ခြင်းဖြစ်ပြီး လမ်းခရီးတွင် ခရီးသည် ၁၀ ဦးကျော် လမ်းကြုံတင်ခဲ့ကြောင်း ၊ ယာဉ်အရှိန်မထိန်းနိုင်ဖြစ်စဉ်တွင် ယာဉ်မောင်းနှင့်အချို့ခရီးသည်များက ယာဉ်ပေါ်မှာ ခုန်ချထွက်ပြေးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကဆိုသည်။ လက်ရှိတွင် ယာဉ်မောင်းအား ဖမ်းဆီးထားပြီး အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာက စစ်ဆေး လျက်ရှိကြောင်း သိရသည်။ (Xinhua)