Connect with us

International Organizations

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် က အီးယူ မှ အမေရိကန်နိုင်ငံအား ကုန်သွယ်ရေးဆိုင်ရာ လက်တုံ့ပြန်မှု ဆောင်ရွက်ရန် တရားဝင်ခွင့်ပြု

ဥရောပသမဂ္ဂ(အီးယူ) ၏ အလံအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်(WTO) က အောက်တိုဘာ ၂၆ ရက်၌ အငြင်းပွားမှုဆိုင်ရာကိုင်တွယ်ဖြေရှင်းရေး အဖွဲ့အစည်း ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး အီးယူ မှ အမေရိကန်နိုင်ငံအား နှစ်စဉ် အများဆုံး အမေရိကန်ဒေါ်လာ ၃.၉၉ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအပေါ် အခွန်တိုးချဲ့ကောက်ယူနိုင်ရန် တရားဝင်ခွင့်ပြုပေးခဲ့ပြီး အမေရိကန်နိုင်ငံအစိုးရ ၏ ဘိုးအင်းကုမ္ပဏီအပေါ် စည်းကမ်းချိုးဖောက်ကာ ကူညီထောက်ပံ့မှုပြုလုပ်ခဲ့ခြင်း ကို လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အီးယူကိုယ်စားလှယ် က အစည်းအဝေးတွင် အီးယူ နှင့် အမေရိကန်နိုင်ငံ တို့က ဆက်လက်၍ အပြန်အလှန် လက်တုံ့ပြန်မှုဆောင်ရွက်နေခြင်းက မည်သည့်ဖက်မှ အကျိုးမရှိကြောင်း ၊ အီးယူအနေဖြင့် အမေရိကန်နိုင်ငံ နှင့် အကြီးစားအရပ်ဖက်လေယာဉ်ကုမ္ပဏီ အပေါ် ကူညီထောက်ပံ့မှု နှင့်ပတ်သက်၍ ရေရှည်ဖြေရှင်းမှုနည်းလမ်းကို ရရှိနိုင်မည်ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံကိုယ်စားလှယ် က အမေရိကန်နိုင်ငံ အနေဖြင့် အီးယူနှင့် အတူတကွ အမေရိကန်နိုင်ငံ လေကြောင်းလုပ်ငန်းကုမ္ပဏီ နှင့် အလုပ်သမားတို့၏ အကျိုးစီးပွား ကို ထိခိုက်စေသည့် အချက်များကို ပြင်ဆင်ကာ အမေရိကန်နိုင်ငံ လုပ်ငန်းကုမ္ပဏီ အတွက် တန်းတူညီမျှသည့် ယှဉ်ပြိုင်မှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သော သဘောတူညီချက် ရရှိနိုင်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်က အမေရိကန်နိုင်ငံ ၏ အရပ်ဖက်အကြီးစား လေယာဉ်ကူညီထောက်ပံ့မှုဆိုင်ရာ လက်တုံ့ပြန်မှုအစီရင်ခံစာ အမိန့်ကြေညာချက် အား အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အမိန့်ကြေညာချက်ထဲတွင် အမေရိကန်နိုင်ငံအစိုးရ အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်၏ တရားစီရင်မှုကို မလိုက်နာဘဲ ဆက်လက်၍ စည်းကမ်းချိုးဖောက်ကာ ဘိုးအင်းကုမ္ပဏီအား ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခြင်းကြောင့် အီးယူအနေဖြင့် နှစ်စဉ် အမေရိကန်နိုင်ငံမှ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၉၉ ဘီလီယံရှိသော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအပေါ် အခွန်တိုးမြှင့်ကောက်ယူနိုင်ပြီး ကုန်သွယ်ရေးဆိုင်ရာလက်တုံ့ပြန်မှုဆောင်ရွက်နိုင်ကြောင်း ပါဝင်ခဲ့သည်။

အမေရိကန်နိုင်ငံ နှင့် အီးယူအကြား လေကြောင်းလုပ်ငန်းကုမ္ပဏီအပေါ် ကူညီထောက်ပံ့မှုဆောင်ရွက်ပေးသည့် အငြင်းပွားမှု သည် အချိန်အားဖြင့် လွန်စွာကြာမြင့်ခဲ့ပြီး ၂၀၀၄ ခုနှစ် တွင် အမေရိကန်နိုင်ငံ က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်ထံသို့ အီးယူအနေဖြင့် ပုံစံအမျိုးမျိုးဖြင့် Air Bus ကုမ္ပဏီအား တရားမဝင်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနေကြောင်း တရားစွဲဆိုခဲ့သည်။ ထို့နောက် အီးယူ မှလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်ထံသို့ အမေရိကန်နိုင်ငံ က ဘိုးအင်းကုမ္ပဏီ အား တရားမဝင်ကူညီထောက်ပံ့မှုဆောင်ရွက်ပေးနေကြောင်း တရားစွဲဆိုခဲ့သည်။ ထို့နောက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် က အမေရိကန် နိုင်ငံ နှင့် အီးယူ နှစ်ဖက်လုံးသည် မိမိတို့၏ လေကြောင်းလုပ်ငန်းကုမ္ပဏီများအပေါ် တရားမဝင်ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြကြောင်း ဆုံးဖြတ်ချက်အမိန့် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)