Connect with us

International Organizations

တရုတ်သမ္မတ ရှီကျင့်ဖိန်က ကုလသမဂ္ဂ အနေဖြင့် ကမ္ဘာလုံးလွှမ်းခြုံ အုပ်ချုပ်ရေးတွင် အဓိကကျသည့် ကဏ္ဍမှ ပါဝင်ရန် တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ပီတာသွန်မ်ဆင် (ဘယ်) နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် (ညာ) တို့နှင့် အတူတွေ့ရစဉ် (ဆင်ဟွာ)

ဂျနီဗာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာ့နိုင်ငံအားလုံး၏ ကိုယ်စားပြုအဖွဲ့အစည်းတစ်ခုဖြစ်သလို အခွင့်အာဏာရှိ ကြားခံအုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ခုလည်းဖြစ်သော ကုလသမဂ္ဂသည် ကမ္ဘာလုံးလွှမ်းခြုံအုပ်ချုပ်ရေးတွင် အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်သင့်ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် ဂျနီဗာမြို့၌ တိုက်တွန်းပြောကြားခဲ့သည်။

ရှီသည် ၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ပီတာသွန်မ်ဆင် နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် တို့နှင့် ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံး၌ တွေ့ဆုံစဉ် အဆိုပါတိုက်တွန်းချက်အား ပြောကြားခဲ့ကြောင်း သိရသည်။

ရှီက တရုတ်နိုင်ငံသည် နိုင်ငံပေါင်းစုံဆက်ဆံရေးလမ်းကြောင်း၊ ကုလသမဂ္ဂ၏ ပဋိဉာဉ်စာချုပ် နှင့် ဆက်စပ် အခြေခံမူဝါဒများ အကာအကွယ်ပေးမှုတို့တွင် ထပ်ကြပ်မကွာ လိုက်ပါနေမည်ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ၏ ပါဝင်မှု ပိုမိုကျယ်ပြန့်လာစေရန် ထောက်ပံ့ပေးသွားမည့်အပြင် ဘုံဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များကိုလည်း မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက လက်ရှိအခြေအနေတွင် ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည် အားနည်းသွားရမည့်အစား ပိုမိုအားကောင်းလာရန် လိုအပ်ကြောင်း၊ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု နှင့် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ကာ နိုင်ငံပေါင်းစုံဆက်ဆံရေးကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သမ္မတ က နိုင်ငံအားလုံးသည် ၎င်းတို့၏ အနာဂါတ်ပန်းတိုင်များအား မျှဝေလိုက်သောအခါ အားလုံး၏ အကျိုးစီးပွားများသည်လည်း ချိတ်ဆက်သွားကြောင်း၊ အကျိုးအမြတ်ရယူလိုမှု နှင့် အာဏာပိုင်စိုးလိုခြင်းစသည့် နည်းလမ်းဟောင်းများကို စွန့်ပယ်ကာ ပိုမိုကောင်းမွန်သော ဆက်ဆံရေးနှင့် အကျိုးစီးပွားများ ရရှိစေမည့် စည်းမျဉ်းစည်းကမ်းသစ်များ နှင့် အဖွဲ့အစည်းသစ်များဖြင့် အစားထိုးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက နိုင်ငံအားလုံးသည် တစ်သားတည်းတူညီမှုကို ထောက်ခံကြောင်း၊ မတူညီသောအခြေအနေများကို သင့်လျော်အောင် အကောင်းဆုံးဆောင်ရွက်နိုင်မည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွင် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂမှတစ်ဆင့် တရုတ်နိုင်ငံသည် ၎င်း၏ အတွေ့အကြုံများကို နိုင်ငံစီမံအုပ်ချုပ်ရာတွင် မျှဝေလိုကြောင်း ရှီကပြောကြားခဲ့သည်။

ထို့အတူ သွန်မ်ဆင် နှင့် ဂူတာရက်စ်တို့ကလည်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၇ရက် ဒါဗို့စ်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာလုံးလွှမ်းခြုံစီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည့် နိုင်ငံပေါင်းစုံဆက်ဆံရေး၌ တရုတ်နိုင်ငံ၏ ကတိကဝတ်များကို ထပ်မံအတည်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာလူမှုအသိုင်းအဝိုင်းက လွန်စွာ အလေးအနက်ထားရှိသော ရှီ၏ ပြောကြားချက်များသည် ကုလသမဂ္ဂနှင့် နိုင်ငံပေါင်းစုံ စီးပွားရေးလုပ်ငန်းများအတွက် အဓိကကျသည့် အာမခံမှုများဖြစ်ကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။

၎င်းတို့က ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ရေရှည်တည်တံသော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်း နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် တရုတ်နိုင်ငံ၏ ရေရှည် လုပ်ဆောင်ချက်များ ကို ကောင်းချီးပေးပါကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ မြှင့်တင်ခြင်း နှင့် လူသားများအတွက် အနာဂါတ်မျှဝေသည့် လူမှုအသိုင်းအဝိုင်း တည်ဆောင်မှု ပန်းတိုင်ကို အကောင်အထည်ဖော်ရာတို့တွင် တရုတ်နိုင်ငံနှင့် ပူးတွဲလုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.