Latin America
ဂွာတီမာလာ နိုင်ငံ ရဲတပ်ဖွဲ့ မှ ကလေးငယ်များအား အဓမ္မ ခိုင်းစေသည့် အဖွဲ့အစည်း ထံမှ ကလေးငယ် ၂၂ ဦးကို ကယ်ထုတ်ပေး နိုင်ခဲ့
မာနာဂွာ ၊ ဇွန် ၁ ရက် (ဆင်ဟွာ)
ဂွာတီမာလာ နိုင်ငံ ရဲတပ်ဖွဲ့ က ကလေးငယ်များအား အဓမ္မ ခိုင်းစေသည့် အဖွဲ့အစည်း ထံမှ ကလေးငယ် ၂၂ ဦးကို ကယ်ထုတ်ပေး နိုင်ခဲ့ပြီး သံသယ ရှိသူ ၈ ဦးကို ဖမ်းဆီး ခဲ့ကြောင်း မေလ ၃၁ ရက်နေ့ က ထုတ်ပြန်ကြေညာ ခဲ့သည်။
ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ရဲတပ်ဖွဲ့အနေဖြင့် ဂွာတီမာလာ မြို့တော်တွင် လျှပ်တပြက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တရားမဝင် ကလေးငယ်များအား အဓမ္မ ခိုင်းစေသည့် အဖွဲ့အစည်းများကို တိုက်ဖျက်ခဲ့ကြောင်း ၊ ကလေးငယ် အများစု သည် ဆင်းရဲနွမ်းပါးသည့် ကျေးရွာမှ ကလေးငယ်များဖြစ်ကြကြောင်း ၊ ဒုစရိုက် အဖွဲ့အစည်း များအနေဖြင့် ကလေးငယ်များအား အစားအသောက် နှင့် တည်းခိုရာနေရာပေးမည်ဟု ပြောကာ မြို့ပေါ်သို့ လိမ်လည်ခေါ်ဆောင် ခဲ့ကြောင်း ၊ လက်တွေ့တွင် ကလေးငယ်များအား အလွန်ဆိုးရွားသည့် အခြေအနေများအောက်တွင် စုဝေးကာ ခိုင်းစေခဲ့ပြီး တစ်ရက်လျှင် အရှည်ကြာဆုံး ၁၈ နာရီအထိ ခိုင်းစေခဲ့ကြောင်း ၊ ထို့ပြင် အလွန်ဆိုးရွားသည့် အစားအသောက်များ စားသုံး စေပြီး လုပ်ခလစာ အနေဖြင့်လည်း အလွန်နည်းပါးစွာ ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။
သတင်းဖော်ပြချက်များအရ ကလေးငယ်များအား တရားမဝင် ခိုင်းစေမှုသည် ဂွာတီမာလာ ကဲ့သို့သော အမေရိက တိုက် အလယ်ပိုင်း ရှိ နိုင်ငံ များတွင် လွန်စွာများပြားကြောင်း ၊ ဂွာတီမာလာ နိုင်ငံ တွင် လူဦးရေ ၁၅ သန်းခန့်ရှိရာတွင် ၄၂ ရာခိုင်နှုန်းသောသူများသည် ရိုးရာတောတွင်းနေထိုင်သူများ ဖြစ်ကြပြီး လွန်စွာ ဆင်းရဲစွာ နေထိုင်ကြရကြောင်း ၊ မိဘ များအနေဖြင့် အရွယ်မရောက်သည့် ကလေးငယ်များကို ကျောင်းထွက်စေပြီး အိမ်အသုံးစရိတ်အတွက် ရှာဖွေစေခဲ့ကြကြောင်း ၊ သို့သော် အများစုသော ကလေးငယ်များသည် ဒုစရိုက် အဖွဲ့အစည်း များ၏ ထိန်းချုပ်မှု ကိုခံခဲ့ရပြီး အလွန်ပင်ပန်းသည့် အလုပ်များကို အဓမ္မ ခိုင်းစေခံခဲ့ရကြောင်း သိရှိရသည်။(Xinhua)