Connect with us

Latin America

ဘရာဇီးသမ္မတ၏ အထူးအကြံပေးပုဂ္ဂိုလ် အကျင့်ပျက်ခြစားမှုဖြင့် အဖမ်းခံရ

လာဘ်စားမှုဖြင့် အဖမ်းခံရသော ဘရာဇီးသမ္မတ အကြံပေး Rodrigo Rocha Loures အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘရာဇီးလီယာ ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံသမ္မတ Michel Temer ၏ အထူးအကြံပေးပုဂ္ဂိုလ် နှင့် ယခင်ဥပဒေပြုအမတ်(ဟောင်း) Rodrigo Rocha Loures အား အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးရန် ဇွန်လ ၃ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း နှင့် ယင်းဖြစ်စဉ်မှာ သမ္မတနှင့်လည်း ဆက်စပ်မှုရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ပြီးခဲ့သော လက ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်ထဲတွင် Rocha Loures သည် ကမ္ဘာ့အကြီးဆုံး အသားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော JBS ကုမ္ပဏီ၏ ပိုင်ရှင်မှ ပေးအပ်သည့် ဘရာဇီးငွေ ၅ဝဝ,ဝဝဝ ရီးယက်စ် ( အမေရိကန်ဒေါ်လာ ၁သိန်းခွဲ) ထည့်ထားသော လက်ဆွဲသေတ္တာ တစ်လုံးကို လက်ခံရယူနေသည့် ပုံရိပ်များကို တွေ့မြင်ခဲ့ရကြောင်း အစိုးရရှေ့နေများက ဆိုသည်။

JBS ၏ အကျိုးစီးပွားအတွက် အစိုးရလုပ်ငန်းစဉ်များတွင် အကာအကွယ်ပေးရန် သမ္မတ Temer ကိုယ်စား အကြံပေးဖြစ်သူ Rocha Loures က လာဘ်ငွေများကို လက်ခံခဲ့ခြင်းဖြစ်မလားဆိုသည်ကို ရဲတပ်ဖွဲ့က စတင်စုံစမ်းစစ်ဆေးလျက်ရှိသည်။

သမ္မတ၏ ယခင်အထူးအကြံပေးပုဂ္ဂိုလ်အဖမ်းခံရခြင်းနှင့်ပတ်သက်၍ သမ္မတရုံးက မှတ်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်း မရှိပေ။ ဘရာဇီးနိုင်ငံတရားရုံးချုပ်က ပြီးခဲ့သော နှစ်တွင် Temer သမ္မတရာထူးရယူခဲ့သည့် အချိန်မှ စတင်ကာ နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အဆိုးဝါးဆုံး နိုင်ငံရေးအကျပ်အတည်းများ၊ မှုခင်းများ နှင့် ဥပဒေချိုးဖောက်မှုများ၊ အကျင့်ပျက်ခြစားမှုများအတွက် သမ္မတ Temer နှင့် အထူးအကြံပေး Rocha Loures တို့အား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အမိန့်ပေးထားကြောင်း သိရသည်။(Xinhua)