Latin America
Star Wars ရုပ်ရှင်မင်းသမီး ကာရီဖစ်ရှာ အသက် ၆၀နှစ်၌ ကွယ်လွန်
![Star Wars ရုပ်ရှင်မင်းသမီး ကာရီဖစ်ရှာ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)](https://xinhuamyanmar.com/wp-content/uploads/2016/12/images_world_2016_12_28e1.jpg)
လော့စ်အန်ဂျလိစ်၊ ဒီဇင်ဘာ ၂၈ရက် (ဆင်ဟွာ)
Star Wars ရုပ်ရှင်ဇာတ်ကားတွင် မင်းသမီး လယ်ရာ (Leia) အဖြစ် လူသိများထင်ရှားသော ရုပ်ရှင်မင်းသမီး ကာရီဖစ်ရှာ သည် ဒီဇင်ဘာ ၂၃ရက်ညပိုင်းတွင် လန်ဒန် မှ လော့စ်အန်ဂျလိစ် သို့ပျံသန်းခဲ့သည့် လေယာဉ်ပေါ်တွင် ရုတ်တရက် နှလုံးဖောက်ပြန်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း နှင့် ကွယ်လွန်ချိန်၌ အသက် ၆၀နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
မိသားစုပြောရေးဆိုခွင့်ရှိသူ ဆိုင်မွန်ဟော်လ် က ဖစ်ရှာကွယ်လွန်သွားခြင်းအား အတည်ပြုချက် ထုတ်ပြန်ခဲ့သည်။ ဖစ်ရှာသည် ဟာသရုပ်ရှင်ဇာတ်လမ်းတွဲ “Catastrophe” ရုပ်ရှင်ကားရိုက်ကူးရန် လန်ဒန်မြို့တွင် ရောက်ရှိနေခဲ့ပြီး ၎င်း၏နေအိမ်သို့ လေယာဉ်ဖြင့်ပျံလာစဉ် ရုတ်တရက်နှလုံးဖောက်ပြန်ခဲ့၍ လေယာဉ် ဆင်းသက်ပြီးသည်နှင့် တစ်ပြိုင်နက် ဖစ်ရှာအား လော့စ်အန်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ UCLA ဆေးကုသမှုစင်တာသို့ အလျင်အမြန်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖစ်ရှာသည် ၁၉၉၇ခုနှစ်တွင် ပြသခဲ့သော Star Wars ရုပ်ရှင်ဇာတ်ကားမှ တစ်ဆင့် ကမ္ဘာကျော်အနုပညာရှင် တစ်ဦးဖြစ်လာခဲ့ပြီး ဂျော့ရှ်လူးကပ်စ် ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့သည့် Star Wars ရုပ်ရှင်ကားသည်လည်း ကမ္ဘာကျော်ဖြစ်ခဲ့ကာ လက်မှတ်များစံချိန်တင်ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ဖစ်ရှာသည် မူးယစ်ဆေးဝါးနွံထဲမှ ရုန်းထလာပြီး ဘဝအားပြန်လည်တည်ဆောက်ရန် ကြိုးစားရုန်းကန်နေသော မင်းသမီးတစ်ယောက်အကြောင်း ရေးသားထားသည့် “Postcards from the Edge” ဝတ္တုရှည်ဖြင့် ၁၉၈၇ခုနှစ်၏ အရောင်းရဆုံးဝတ္တုရှည်အဖြစ် စာရင်းဝင်ခဲ့ပြီး စာရေးဆရာမတစ်ဦးအဖြစ်လည်း ၎င်း၏ စွမ်းရည်အား ထုတ်ဖော်ပြသခဲ့သည်။ (Xinhua)