Connect with us

North America

အမေရိကန်နိုင်ငံသမ္မတလောင်း စကားစစ်ထိုးပွဲ စနစ်တကျရှိစေရန် စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်မည်ဟုဆို

စက်တင်ဘာ၂၉ ရက်ကကျင်းပသည့် အမေရိကန်နိုင်ငံသမ္မတလောင်း ပထမအကြိမ် စကားစစ်ထိုးပွဲတွင် လက်ရှိ သမ္မတထရမ့်နှင့် သမ္မတလောင်းဂျိုးဘိုင်ဒင်တို့ ရုပ်မြင်သံကြားမှတစ်ဆင့် အပြိုင် စကားစစ်ထိုးနေကြစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ပထမအကြိမ် အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲ၏ အခြေအနေအရ နောက်ဆက်လက် ကျင်းပမည့် စကားစစ်ထိုးပွဲများတွင် စည်းမျဉ်းစည်းကမ်းများကိုပြင်ဆင်သွားမည်ဖြစ်ကြောင်း ၊ ယင်းမှာပွဲစနစ်တကျ ဖြစ်စေရန် ရည်ရွယ်ကြောင်းအမေရိကန် သမ္မတလောင်းရုပ်မြင်သံကြား စကားစစ်ထိုးပွဲ တာဝန်ယူကြီးမှူးကျင်းပသည့် အမေရိကန်နိုင်ငံ သမ္မတစကားစစ်ထိုးပွဲဆိုင်ရာကော်မတီ(CPD)က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ပထမအကြိမ် စကားစစ်ထိုးပွဲကျင်းပသည့် ပုံစံကနောက်ထပ် ကျင်းပမည့် ပွဲများတွင် သက်ဆိုင်ရာခေါင်းစဉ်အလိုက် စနစ်တကျ ဆွေးနွေးငြင်းခုံမှုများပြုလုပ်နိုင်ရန်အတွက် ထပ်တိုးမူဘောင်သတ်မှတ်ချက်ပြုလုပ်သင့်သည်ကို ရှင်းရှင်းလင်းလင်းဖော်ပြနေကြောင်း အမေရိကန်နိုင်ငံသမ္မတ စကားစစ်ထိုးပွဲဆိုင်ရာကော်မတီ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ကော်မတီအနေဖြင့် သတ်မှတ်ချက်ပြင်ဆင်မည့် နည်းလမ်းကိုအသေးစိတ် စဉ်းစားနေကြောင်းနှင့် အမြန်ဆုံးထုတ်ပြန်သွားမည် ဖြစ်ကြောင်းဆိုသည်။

သမ္မတသက်တမ်းရှေ့ဆက်နိုင်ရန် ကြိုးပမ်းနေသည့် ရီဘတ်ပလီကန်ပါတီသမ္မတဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်ပါတီသမ္မတလောင်းဂျိုးဘိုင်ဒင်တို့သည် စက်တင်ဘာ ၂၉ ရက် ညပိုင်းကအိုဟိုင်းယိုးပြည်နယ် Clevelandတွင် ရုပ်မြင်သံကြားမှတစ်ဆင့် ပထမအကြိမ် သမ္မတလောင်းစကားစစ်ထိုးပွဲကျင်းပခဲ့သည်။

မိနစ် ၉၀ ကြာစကားစစ်ထိုးပွဲတွင် အမေရိကန် အမြင့်ဆုံးတရားရုံးချုပ် တရားသူကြီးအမည်စာရင်းတင်သွင်းခြင်း၊ Obamacareဖြစ်သည့် Affordable Care Act (ACA)၊ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေနှင့်ကာကွယ်ဆေး၊ စီးပွားရေးနှင့်အလုပ်အကိုင်၊ လူမျိုးရေးပြဿနာ၊ ရွေးကောက်ပွဲ၏ တရာမျှတမှုစသည့် အမေရိကန်နိုင်ငံပြည်သူများအကြားအလေးထားဂရုစိုက် ဆွေးနွေးငြင်းခုံမှုများရှိနေသည့် ကဏ္ဍများကိုခေါင်းစဉ်ထားကာထရမ့် နှင့် ဘိုင်ဒန်တို့ကအပြန်အလှန် ငြင်းခုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ကြိုတင် သဘောတူလက်ခံထားသည့် စကားစစ်ထိုးပွဲစည်းမျဉ်းများအရသမ္မတလောင်းနှစ်ဦးအနေဖြင့် အခမ်းအနားမှူးအဆိုပြုသည့် အထက်ပါခေါင်းစဉ် ၆ ခုကိုတစ်ခုလျှင် ၁၅ မိနစ်ကြာငြင်းခုံဆွေးနွေးခွင့် ရမည် ဖြစ်သည်။ အခမ်းအနားမှူးကခေါင်းစဉ်တစ်ခုနှင့်ပတ်သက်၍ စတင် မေးမြန်းပြီးချိန်တွင် ထရမ့်နှင့် ဂျိုးဘိုင်ဒင်တို့ကထိုမေးခွန်းအပေါ်အသီးသီးပြန်လည်ဖြေကြားရန် ၂ မိနစ်ဆီ အချိန်ရရှိကြမည်ဖြစ်သည်။ ထိုမှတစ်ဆင့် အခမ်းအနားမှူးကပို၍ နက်ရှိုင်းသည့် ဆွေးနွေးမှုများအတွက် စကားလမ်းကြောင်းကို ဦးတည်ခေါ်ဆောင်ပေးသွားမည်ဖြစ်သည်။

သို့သော် ပွဲစတင်ချိန်တွင် သတ်မှတ်ချက်များကို ချိုးဖောက်၍ ထရမ့်သည်ဂျိုင်းဘိုင်ဒင် စကားပြောချိန်၌ ကြိမ်ဖန်များစွာကြားဖြတ်ဝင်ရောက် ပြောဆိုမှုပြုလုပ်ခဲ့သလို ဂျိုးဘိုင်ဒင်ကလည်းပြင်းထန်သည့် စကားလုံးများဖြင့် ပြန်လည်ထိုးနှက်ခဲ့သည်။ ပွဲစနစ်တကျဖြစ်စေရန် နှစ်ဦးနှစ်ဖက် အပြန်အလှန် ငြင်းခုံမှုများကိုရပ်တန့်ရန် အခမ်းအနားမှူးကကြားဖြတ်၍ ကြိမ်ဖန်များစွာညှိနှိုင်းပေးခဲ့ရသည်။ အမေရိကန် မီဒီယာများနှင့် လေ့လာသုံးသပ်သူများကပထမအကြိမ်စကားစစ်ထိုးပွဲသည် ဖရိုဖရဲဖြစ်နေသည်မှာထူးခြားချက်ဖြစ်ကြောင်းဆိုသည်။

ယခုနှစ်အမေရိကန် သမ္မတလောင်းရုပ်မြင်သံကြားစကားစစ်ထိုးပွဲကိုသုံးကြိမ်ကျင်းပမည် ဖြစ်ပြီးဒုတိယနှင့် တတိယအကြိမ် ပွဲများကိုအောက်တိုဘာ ၁၅ ရက်နှင့် ၂၂ ရက်တွင် ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့နှင့် တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။  (Xinhua)