Connect with us

North America

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံး ၊ ၂၂ ဦး ဒဏ်ရာရ


ဝါရှင်တန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် Trenton မြို့တွင် ဇွန် ၁၇ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ သေနတ်သမား ၁ ဦး သေဆုံးပြီး အခြားလူ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုမှာ ဒေသစံတော်ချိန် နံနက် ၂:၄၅ မိနစ်ခန့်က အနုပညာပွဲတော်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ခတ်မှုတွင် သေနတ်သမား ၂ ဦး ပါဝင်ကြောင်း၊ လုံခြုံရေးရဲများက သေနတ်သမားတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး တစ်ဦးကို ဖမ်းဆီးထားကြောင်း ၊ ဒဏ်ရာရသူ ၂၂ ဦးအနက် ၁၇ ဦးမှာ သေနတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၄ ဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ကျန်သူများမှာ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း Trenton မြို့Mercer County၏ အစိုးရရှေ့နေတစ်ဦးက ဆိုပါသည်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

စကားများရန်ဖြစ်ရာမှ ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားရခြင်း ဖြစ်နိုင်ကြောင်း နှင့် လက်ရှိတွင် အမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ကျင်းပလျက်ရှိသည့် အနုပညာပွဲတော်ကို ၂ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး လူထောင်ကျော် တက်ရောက်ခဲ့ကြကြောင်း ၊ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပွဲတော်၏ကျန်ရှိနေသေးသည့် အစီအစဉ်များကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ (Xinhua)