North America
အော်လန်ဒို အလုပ်ရုံတစ်ခု တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၅ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့ပြောကြား
ဝါရှင်တန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ရဲတပ်ဖွဲ့ က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ အလုပ်ရုံတစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ လူ ၅ဦးသေဆုံးခဲ့ကြောင်း ဇွန် ၅ ရက် ကပြောကြားခဲ့သည်။
အော်ရိန်းစီရင်စုရဲအရာရှိရုံးက အခင်းဖြစ်ပွားရာ၌ လူ ၄ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံတွင်သေဆုံးခဲ့ကြောင်း နှင့် သေနတ်ဖြင့် တိုက်ခိုက်သူသည် အသက် ၄၅နှစ်အရွယ် ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း ၎င်း၏ တွစ်တာ၌ရေးသားခဲ့သည်။ သို့သော် ယင်းဖြစ်ရပ်က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေ မရှိဟုဖော်ပြထားကြောင်း သိရသည်။
သေနတ်ပစ်ခတ်မှုသည် ကုန်လှောင်ရုံများစွာရှိသည့် စက်မှုဇုန်တစ်ခုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဲအရာရှိရုံးက သေနတ်သမားသည် သေနတ်တစ်လက် နှင့် ဓားတစ်ချောင်း ယူဆောင်လာကြောင်း၊ ၎င်းသည် အလုပ်ထုတ်ပယ်ခံထားရသည့် ဝန်ထမ်းတစ်ဦးဖြစ်ပြီး ယခင် လုပ်ဖော်ကိုင်ဖက်ဟောင်းများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ထံသို့ နံနက် ၈း၀၃နာရီတွင် ပြည်တွင်းလုပ်ငန်းတစ်ခုက သေနတ်သမားအကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ၂မိနစ်အကြာတွင် အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့များရောက်ရှိလာကာ သေဆုံးသူ ၄ဦး ကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ က တရားခံ၏ ဆွေမျိုးများကို စုံစမ်းမေးမြန်းပြီးနောက် သေနတ်သမား မည်သူဖြစ်ကြောင်းကို မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါဖြစ်ရပ်ကြောင့် စီးပွားရေးလုပ်ငန်း ထိခိုက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)