North America
ဇူလိုင်တွင်သွားရောက်မည့် ဥရောပခရီးစဉ်အတွင်း ပူတင်နှင့်တွေ့ဆုံဖွယ်ရှိကြောင်း ထရမ့်ပြော

ဝါရှင်တန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဇူလိုင်လတွင် သွားရောက်မည့် ဥရောပခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့်တွေ့ဆုံရန် ဖြစ်နိုင်ဖွယ်ရှိကြောင်း ဇွန် ၂၇ ရက်တွင် ပြောကြားလိုက်သည်။
“ ကျွန်တော့်ရဲ့ ဥရောပခရီးစဉ်အတွင်း တစ်ချိန်ချိန်မှာ တွေ့ဆုံဖွယ်ရှိပါတယ်” ဟု ဇွန် ၂၇ ရက် မွန်းလွဲပိုင်းက အိမ်ဖြူတော်သို့အလည်အပတ်ရောက်ရှိနေသည့် ပေါ်တူဂီနိုင်ငံသမ္မတ Marcelo Rebelo de Sousa နှင့်အတူ သတင်းသမားများအားတွေ့ဆုံစဉ် ထရမ့်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပူတင်နှင့်တွေ့ဆုံစဉ် ဆီးရီးယား နှင့် ယူကရိန်း အရေးကိစ္စရပ်များကို အလေးထားဆွေးနွေးသွားဖွယ်ရှိကြောင်းလည်း ထရမ်းက ဆိုသည်။
ထရမ့်-ပူတင် ထိပ်သီးအစည်းအဝေးကို ဖင်လန်နိုင်ငံ ဟဲလ်ဆင်ကီးမြို့ နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့များတွင် ပြုလုပ်နိုင်ခြေရှိကြောင်း သတင်းများက ဆိုသည်။
ဇွန်လ ၂၇ ရက်အစောပိုင်းက ရုရှားနိုင်ငံသမ္မတနန်းတော်မှ ပြောကြားရာတွင် ပူတင် နှင့် ထရမ့် တို့သည် တတိယနိုင်ငံ တစ်ခုတွင် ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ၊ နေရာ နှင့် အချိန် အတိအကျကို ဇွန် ၂၈ ရက်တွင် တရားဝင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါမှတ်ချက်စကားသည် ရုရှားနိုင်ငံသမ္မတပူတင် နှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်(John Bolton) တို့မော်စကိုမြို့၌ တံခါးပိတ်ဆွေးနွေးပွဲအပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သမ္မတထရမ့်သည် ဇူလိုင် ၁၁ရက် မှ ၁၂ ရက်အထိ ဘရပ်ဆဲလ်မြို့၌ ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးတက်ရောက်ရန်ရှိပြီး ထိုမှတဆင့် ဗြိတိန်နိုင်ငံသို့သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်။
ထရမ့် နှင့် ပူတင် တို့သည် ဗီယက်နမ်နိုင်ငံ၌ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သီးခြားဆွေးနွေးပွဲတစ်ခုတွင် နောက်ဆုံးတွေ့ဆုံခဲ့ကြသည်။
လာမည့် ထရမ့် နှင့် ပူတင် တို့၏ ဆွေးနွေးပွဲသည် ၂ဝ၁၆ ခုနှစ် အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံကကြားဝင်နှောက်ယှက်ခဲ့သည်ဟူသော စွပ်စွဲချက်အပါအဝင် အခြားသော အငြင်းပွားဖွယ် အရေးကိစ္စရပ်များကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးဝါးနေချိန်တွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။(Xinhua)