North America
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အိုင်အိုဝါ အုပ်ချုပ်ရေးမှူး ဘရန်းစတတ်အား အတည်ပြု

ဝါရှင့်န်၊ မေ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အသစ်အဖြစ် အိုင်အိုဝါ ပြည်နယ် အုပ်ချုပ်ရေးမှူး တယ်ရီ ဘရန်းစတတ် (Terry Branstad) အား လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၈၂ မဲ၊ ကန့်ကွက်မဲ ၁၃ မဲဖြင့် အတည်ပြု ခန့်အပ်လိုက်ကြောင်း သိရသည်။
အတည်ပြုခန့်အပ်ပြီးနောက် ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်၌ ဘရန်းစတတ်က အပြန်အလှန် အကျိုးစီးပွားနှင့် ကမ္ဘာကြီး ငြိမ်းချမ်းမှုရှိစေရန် နှစ်နို်င်ငံ ခေါင်းဆောင်များနှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၇၀ နှစ်အရွယ် ဘရန်းစတတ်သည် အမေရိကန်တွင် သက်တမ်းအရှည်ဆုံး အုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသူ ဖြစ်သလို တရုတ်နိုင်ငံသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ဖူးသူလည်း ဖြစ်သည်။
၎င်းသည် အိုအိုဝါတွင် အုပ်ချုပ်ရေးမှူးအဖြစ် ၁၉၈၃-၁၉၉၉ ခုနှစ်အထိလည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ စတင်ကာ ပြန်လည် ခန့်အပ်ခံခဲ့ရပြီး လက်ရှိအချိန်အထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းအား အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။
၎င်း၏ အမည်စာရင်း တင်သွင်းမှုအား ကြားနာနေစဉ်အတွင်း ဘရန်းစတတ်က အကယ်၍ ၎င်းအား တာဝန်ပေး ခန့်အပ်ခဲ့ပါက အမေရိကန်-တရုတ် ဆက်ဆံရေးအား အခိုင်အမာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အိုင်အိုဝါ အုပ်ချုပ်ရေးမှူး တစ်ဦးအနေနဲ့ ကျွန်တော်တို့ နိုင်ငံ နှစ်ခုကြားက ခိုင်မာပြီး သန်စွမ်းတဲ့ ကုန်သွယ်မှု ဆက်ဆံရေးရဲ့ အရေးပါပုံကို ကိုယ်တွေ့ သိမြင်ခဲ့တယ်” ဟု ဘရန်းစတတ်က ပြောသည်။ (Xinhua)