North America
ဗာဂျီးနီးယားပြည်နယ်၌ ရထားတိုက်မှုဖြစ်ပွား ၁ ဦးသေဆုံး ၊ လွှတ်တော်အမတ်များ ထိခိုက်ဒဏ်ရာရမှုမရှိဟု အိမ်ဖြူတော် ပြောကြား
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၌ ဇန်နဝါရီလ ၃၁ ရက်တွင် ရထားတစ်စင်း နှင့် ထရပ်ကားတစ်စင်းတို့ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး လွှတ်တော်အမတ်များ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း အိမ်ဖြူတော်က အတည်ပြုပြောကြားခဲ့သည်။
“ လူတစ်ယောက်သေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရသွားပါတယ်” ဟု အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးမှူး Sarah Sanders ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ လွှတ်တော်အမတ်တွေ ဒါမှမဟုတ် သူတို့ရဲ့ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ပြန်ထားခြင်းမရှိပေ။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အခြေအနေများကို အပြည့်အဝ လမ်းညွှန်မှုပေးနေပြီး နောက်ဆုံးဖြစ်ပေါ်နေသော အခြေအနေများကို လက်ခံရရှိနေကြောင်း Sanders က ဆိုသည်။
ရီဗတ်ပလီကန် လွှတ်တော်အမတ်များကို တင်ဆောင်လာသော ၎င်းရထားပေါ်သည် အနောက်ဗာဂျီးနီးယားပြည်နယ်တွင် ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် ထရပ်ကားတစ်စင်း နှုင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
အမေရိကန် မီးရထားပို့ဆောင်ရေး လက်မှတ်အရောင်းဌာန Amtrak ၏ ထုတ်ပြန်ချက်အရ ရထားတိုက်မှုသည် ဗာဂျီးနီးယားပြည်နယ် Crozet ၌ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂ဝ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ ၎င်းရထားမှာ နံနက် ၈ နာရီ ၃ဝ မိနစ်တွင် ဝါရှင်တန်ဒီစီမြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၌ ဇန်နဝါရီ ၃၁ ရက်က ဖြစ်ပွားခဲ့သော ရထားတိုက်မှုမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)
“ ယင်းမတော်တဆမှုနဲ့ပတ်သက်၍ ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်တွေက အပျက်အစီးအပိုင်းအစတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ် ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ ရထားပေါ်လိုက်ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ဆရာဝန်တွေက ဒဏ်ရာရသူတွေကို ကုသပေးတာ ၊ ကူညီပေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု လွှတ်တော်အမတ် Bradley Byrne က၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
လွှတ်တော်ဥက္ကဋ္ဌ Paul Ryan က ၎င်း၏ မိသားစုနှင့်အတူ ရထားပေါ်တွင်လိုက်ပါလာကြောင်း နှင့် အားလုံး ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။
ရီဗတ်ပလီကန် လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့၏ နှစ်ပတ်လည် ညီလာခံအတွက် လာမည့်ရက်အနည်းငယ်အတွင်း ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။(Xinhua)