North America
သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံ နယ်စပ်လုံခြုံရန် စစ်တပ်ချထားမည်ဟု ဆို
ဝါရှင်တန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းကာရံခြင်း မပြီးဆုံးမီ ၎င်းနေရာ၌ စစ်တပ်ချထားလို ကြောင်း ဧပြီ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
“ ကျွန်တော်တို့ရဲ့ နယ်စပ်ကို လုံခြုံအောင်လုပ်ဖို့စစ်တပ်ချထားပါမယ်” ဟု ထရမ့်က သမ္မတအိမ်ဖြူတော်၌ လစ်သူရေးနီးယား ၊ လတ်ဗီးယား နှင့် အက်စတိုးနီးယား နိုင်ငံများမှ ခေါင်းဆောင်များ နှင့်တွေ့ဆုံဆွေးနွေးအပြီး သတင်းသမားများအား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ တံတိုင်းတစ်စင်းတည်ဆောက်ပြီး လုံလုံခြုံခြုံဖြစ်တဲ့အချိန်ထိ နယ်စပ်မှာ စစ်တပ်တွေ ချထားမှာဖြစ်ပါတယ်” ဟု သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး “ ဒါဟာသိပ်ကိုကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
၎င်းစိတ်ကူး နှင့်ပတ်သက်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်းမက်တစ်(Jim Mattis) နှင့်လည်းဆွေးနွေးခဲ့ကြောင်း ထရမ့်က ဆိုသည်။ ဗဟိုအမေရိကနိုင်ငံများ အထူးသဖြင့် ဟွန်ဒူးရပ်စ်နိုင်ငံမှ ဆန္ဒပြသမားတစ်စု လာရောက်ပြီး အမေရိကန်နိုင်ငံ၌ ခိုလှုံခွင့်ရရန် ကြိုးပမ်းရေးအတွက် နယ်စပ်သို့ဦး တည်ချီတက်လာခြင်းကိုလည်း ဒေါ်နယ်ထရမ့်က ပြင်းထန်စွာ ဝေဖန်လိုက်ကြောင်း သိရသည်။
“ ဟွန်ဒူးရပ်စ်နိုင်ငံက လူတွေဟာ မက္ကဆီကိုနိုင်ငံကို ဖြတ်ကျော်ပြီး ဥပဒေစိုးမိုးမှုအားနည်းတဲ့ နယ်စပ်ကို ဦးတည်လာနေကြပါတယ်။ အဲဒီနေရာကို မရောက်ခင် သူတို့ကို ရပ်တံ့ပစ်လိုက်တာ ပိုကောင်းပါမယ်” ဟု ထရမ့်က တွစ်တာလူမှုကွန်ရက်တွင် ဧပြီလ ၃ ရက်အစောပိုင်းက ရေးသားခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့်သည် ပြီးခဲ့သောလက အစိုးရအသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံကို လက်မှတ်ရေးထိုးခဲ့ရာတွင် နယ်စပ်လုံခြုံရေးအတွက် အသုံးစရိတ်ငွေ ၁.၆ ဘီလီယံသာခွင့်ပြုထားကြောင်း သိရသည်။
ထရမ့်က နယ်စပ်တံတိုင်းတည်ဆောက်ရာတွင် စစ်တပ်ဘက်ဂျတ်ငွေမှ အသုံးပြုရန် အဆိုပြုခဲ့သော်လည်း ယင်းအစီအစဉ်အား အမှန်တကယ်အကောင်အထည်မဖော်ခင် နိုင်ငံရေး နှင့် ဥပဒေပြုရေး စိန်ခေါ်မှုများနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။(Xinhua)