North America
သမ္မတဟောင်း ဂျော့ဂျ်ဘုရှ်၏ ရုပ်အလောင်းကို ဂါရဝပြုရန် ပြသ
ဝါရှင်တန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)
ကွယ်လွန်သူ အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဂျ် အိတ်ချ် ဒဗလျူဘုရှ် (George H.W. Bush) ၏ ရုပ်အလောင်း ထည့်သွင်းထားသည့် ခေါင်းတလားကို အများပြည်သူတို့နောက်ဆုံးအကြိမ် ဂါရဝပြုနိုင်ရန် ဝါရှင်တန်ဒီစီမြို့တော်သို့ဒီဇင်ဘာ ၃ ရက်က သယ်ဆောင်လာခဲ့သည်။
ဘုရှ်၏အခေါင်းအား သယ်ဆောင်လာသော Air Force One လေယာဉ်ကြီးသည် တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို့မှ ဒီဇင်ဘာ ၃ ရက်နံနက်အစောပိုင်းတွင်ထွက်ခွာလာပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော် ပြင်ပရှိ စစ်အခြေစိုက်၌ ဆင်းသက်ခဲ့ကြောင်း နှင့် ယင်းနောက်တွင် အခေါင်းကို အမေရိကန်လွှတ်တော်အဆောက်အအုံအလယ်ဗဟို Rotunda တွင် ထားရှိကာ အများပြည်သူဂါရဝပြုနိုင်ရန် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အသက် ၉၄ နှစ်အရွယ်ရှိ ဘုရှ်သည် နိုဝင်ဘာ ၃ဝ ရက်တွင် ဟူစတန်မြို့ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန် အနိစ္စရောက်ခဲ့ခြင်းဖြစ်သည်။ Rotunda တွင် အမေရိကန်နိုင်ငံဒုတိယသမ္မတမိုက်ပန့်က ဘုရှ်၏ ကြင်နာစိတ်ရှိပုံကို “ သူနဲ့ကြုံခဲ့ဖူးသူတိုင်း သိကြပါတယ်” ဟုချီးကျူးစကားဆိုခဲ့သည်။
“ နိုင်ငံ့တာဝန်ထမ်းဆောင်စဉ်ကာလတစ်လျှောက်မှာ သနားကြင်နာစိတ် ၊ ဂုဏ်သိက္ခာထိန်းသိမ်းစိတ် ၊ မျိုးချစ်စိတ်တွေ နဲ့ အုပ်ချုပ်ခဲ့ပါတယ်” ဟု ပန့်ကဆိုသည်။
ရီဘတ်ဘလီကန်ပါတီဝင်များဖြစ်သည် လွှတ်တော်ဥက္ကဋ္ဌ Paul Ryan နှင့် ဆီးနိတ်ခေါင်းဆောင် Mitch McConnell တို့ကလည်း အသီးသီးချီးကျူးစကားဆိုခဲ့သည်။
အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဂျ် အိတ်ချ် ဒဗလျူဘုရှ် (George H.W. Bush) ၏ ဈာပနအခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)
အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဂျ် အိတ်ချ် ဒဗလျူဘုရှ် (George H.W. Bush) ၏ ဈာပနအခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)
အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဂျ် အိတ်ချ် ဒဗလျူဘုရှ် (George H.W. Bush) ၏ ဈာပနအခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)
မကြာမီက လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် Nancy Pelosi နှင့် ဆီးနိတ်ခေါင်းဆောင် Charles(Chuck) Ellis Schumer တို့လည်း လွမ်းသူ့ပန်းခွေများ ချခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဇနီး Melania တို့သည် ဒီဇင်ဘာ ၃ ရက် ညပိုင်းတွင် Rotunda သို့လာရောက်၍ အမေရိကန်နိုင်ငံ၏ ၄၁ ယောက်မြောက်သမ္မတကို ဂါရဝပြုခဲ့ကြသည်။
ဘုရှ်၏ ရုပ်အလောင်းကို အများပြည်သူတို့ဂါရဝပြုနိုင်ရန် ဒီဇင်ဘာ ၅ ရက် နံနက် ၇ နာရီခွဲ အချိန်မှ စတင်၍ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘုရှ်အား ဂါရဝပြုရန် တက္ကဆက်စ်ပြည်နယ် Nashville မှ လာရောက်ပြီး လူအုပ်ကြီးအကြားတန်းစီစောင့်ဆိုင်းနေသူတစ်ဦးဖြစ်သည့် Denise Sesler က ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ၎င်းအနေဖြင့် ဘုရှ်အားအလွန်အမင်း လေးစားကြောင်းဆိုသည်။
၎င်းက ဘုရှ်သည် “ ဂုဏ်ယူဖွယ် ၊ လေးစားဖွယ် ၊ အထင်ကြီးဖွယ်” လူတစ်ဦးဖြစ်ကြောင်း နှင့် သမ္မတတစ်ဦးအနေဖြင့် အခြားကမ္ဘာ့နိုင်ငံများနှင့်အတူ လက်တွဲလုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘုရှ်၏ရုပ်အလောင်းကို လွန်ခဲ့သော ၇ လက ကွယ်လွန်ခဲ့သည့် ဇနီးဖြစ်သူ ဘာဘရာဘုရှ် နှင့် ၁၉၅၃ ခုနှစ် အသက် ၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သော သမီးဖြစ်သူ Robin Bush တို့၏ အုတ်ဂူအနီးတွင် မြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
ဘုရှ်သည် ၁၉၈၈ ခုနှစ်တွင် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီး သမ္မတရော်နယ်ရီဂင်ထံမှ ရာထူးဆက်ခံခဲ့သည်။ ၎င်းသည် ၁၉၇၄ မှ ၇၅ အထိ တရုတ်နိုင်ငံတွင် အမေရိကန်ဆက်ဆံရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဘုရှ်အား ၁၉၂၄ ခုနှစ်တွင် မက္ကဆာချူးဆက်ပြည်နယ်တွင်မွေးဖွားခဲ့ပြီး ၁၉၄၂ ခုနှစ် အထက်တန်းအောင်မြင်ပြီးနောက် အမေရိကန်ရေတပ်သို့ဝင်ရောက်အမှုထမ်းခဲ့သည်။၎င်းသည် ပစိဖိတ်စစ်မြေပြင်တွင် တော်ပီဒိုဗုံးကြဲလေယာဉ် Avenger ၏လေယာဉ်မှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်းသည် ၁၉၄၈ ခုနှစ်တွင် ယေးလ်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ရရှိခဲ့ကြောင်း သိရသည်။(Xinhua)